ကျောက်မဲမြို့နယ် ပန်လင်ရွာဘက်မှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

ဩဂုတ် ၁၇၊ ၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်လင်ရွာဘက်မှာ RCSS (သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ)/SSA-S နဲ့ TNLA (တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်)၊ SSPP/ SSA-N (ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း)ပူးပေါင်းတပ်တို့အကြား ဒီကနေ့မနက် ၅ နာရီ ခန့်ကစ တကြော့ပြန် တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တိုက်ပွဲပိတ်မိနေသူတွေ ဆေးဝါးနဲ့ အစားအသောက်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
တိုက်ပွဲဖြစ်တဲ့နေရာက ပန်လင်ရွာခံတစ်ဦးက ” ကျောက်မဲနဲ့ ၂၃ မိုင် ခန့်ဝေးတဲ့ ပန်လင်ရွာမှာ ရွာထိပ်မှာတင် တိုက်ပွဲ ပြင်းထန်လာတာကြောင့် ကတုတ်ကျင်းမှာ ပုန်းအောင်း နေကြရတဲ့အပြင် ဩဂုတ်လ ၁၃ ရက်နေ့က မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးနဲ့ အမျိုး သမီး တစ်ဦးကိုလည်း ဆေးရုံကိုမပို့နိုင်သေးဘူး၊ အခု တိုက်ပွဲထပ်ဖြစ်လာတာကြောင့် သူတို့အတွက် ဆေးဝါး အရေးပေါ် လိုအပ်နေတယ်”လို့ ပြောပါတယ်။
 
မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးမှာ လသားအရွယ် ကလေးအပါအဝင် ကလေးငယ် ၇ ယောက်ရှိပြီး စားစရာမရှိတဲ့အပြင် အမျိုးသားက ထောင်ကျနေတယ်လို့ သ်ိရပါတယ်။
 
“၁၀ ရက်နေ့ ၇ လ၊ နံနက်ပိုင်း ၇:၄၀ နာရီအလုပ်သွားရင်းလမ်းမှာထိမိတာ ပထမတစ်ယောက်ပါ။ ခု ဒုတိယ အကြိမ်က ဩဂုတ် ၁၃ ရက်နေ့ မှာ ၂ ယောက်။ သူတို့က ဆေးရုံ မသွားရသေးဘူး။ အခုက ၃ ကြိမ် မြှောက်မှာ တိုက်ပွဲဖြစ်တာပါ။လမ်း​တော့ပိတ်ထားတယ်။ အခု အဓိကလိုအပ်တာတော့ ဆေးဝါးနှင့် စားစရာတွေပါ” လို့ ပန်လင်ရွာခံတစ်ဦးကပြောပါတယ်။
 
လက်ရှိ ပန်ကွမ် အုပ်စု၊ ပန်လင် အုပ်စုနဲ့ ဟူးကွတ် အုပ်စု တို့မှာ RCSS/SSA နဲ့ SSPP/SSA, PSLF/TNLA တို့အကြား အခြေအနေတင်းမာနေပြီး ပန်လင်ရွာမှာတော့ ဒီကနေ့မနက်ပိုင်း တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်တယ်ခို့ သိရပါတယ်။
 
ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားသူတွေအပါအဝင် ရွာခံတွေကိုပါ လမ်းပိတ်ထားလို့ ပိတ်မိနေပြီး ဆေးဝါးနဲ့ အစားသောက်‌တွေ အကူအညီလိုအပ်နေတာကြောင့် တတ်နိုင်သူတွေအနေနဲ့ အမြန်ဆုံးကူညီပေးကြဖို့ ဒေသခံတစ်ဦးကလည်း လူမှုကွန်ယက်ကနေ တဆင့်အကူအညီတောင်းခံထားပါတယ်။
 
ပန်ကွမ်ရွာ၊ ရွာဟောင်းရွာ၊ ပန်ဖြတ်ရွာတို့မှာလည်း ဩဂုတ်လ ၁၁ ရက်နေ့ကစ တိုက်ပွဲပြင်းထန်လာတာကြောင့် ယာယီ တိုက်ပွဲရှောင်လာသူဦးရေ လက်ရှိ ကျောက်မဲမြို့တွင်းမှာ ၁၁၉ ဦး၊ ဇွန်လက ၂၆၂ ဦး စုစုပေါင်း ၃၈၁ ဦး ရှိပြီး မြို့ပြင်ဘက်အခြား နေရာတွေမှာ ၂၃၀ ဦး၊ ဇွန်လက ရှောင်လာသူ မိုင်းငေါ့မှာ ၄၇၀ ဦး စုစုပေါင်း ၇၀၀ ဦး ရှိကာ လက်ရှိ ကျောက်မဲ မြို့နယ်အတွင်း လူဦးရေ တစ်ထောင်ကျော် ယာယီတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
Photo – ပန်လင်ရွာခံတစ်ဦး
#voiceofmyanmar #VOM #ကျောက်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW