အိန္ဒိယနိုင်ငံရောက် မြန်မာယက္ကန်းလုပ်သား ၆၀ ကျော် အိန္ဒယမှတ်ပုံတင်အတုကိုင်ဆောင်မှုနဲ့ ဖမ်းခံထားရ

အောက်တိုဘာ ၊ ၁၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ချန်ဒဲလ်ခရိုင် ၊ မိုးရေးမြို့ရဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ မြန်မာလုပ်သား ၂၀ ကျော်ကို နိုင်ငံသားမှတ်ပုံတင်အတု ကိုင်ဆောင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယလူမှုဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ မြန်မာလုပ်သားအရေးကို စောင့်ကြည့်နေတဲ့ တမူးမြို့ခံတွေက ပြောပါတယ်။
 
ဖမ်းခံထားရတဲ့ မြန်မာလုပ်သား ၂၀ ကျော်ဟာ မုံရွာမြို့နယ်ဘက်က ယက္ကန်းလုပ်သား လူငယ် ၂၅ ယောက်နဲ့ မှီခိုသူ ကလေး ၃ ယောက် အားလုံး ၂၈ ယောက်ဖြစ်ပြီး မဏိပူရ်ပြည်နယ်ထဲကို ယက္ကန်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခုလ ၆ ရက်မှာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကို ရောက်နေချိန် အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
 
” မုံရွာနယ်ဘက်မှာက အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာတယ် ၊ ကိုဗစ် ပထမလှိုင်းနောက်ပိုင်း အခုထိ အလုပ်တွေ နားထားကြတာ ၊ စားဝတ်နေရေး တောင့်မခံနိုင်တဲ့အဆုံး မဏိပူရ်မှာ ယက္ကန်းလုပ်ဖို့ သွားရင်း အဖမ်းခံထားရတာ ” လို့ မြန်မာလုပ်သားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ မိုးရေးမြို့ခံ ကိုသိန်းမြင့်က ပြောပါတယ်။
 
ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲကို ရောက်နေတဲ့ မြန်မာလုပ်သားတချို့နဲ့ မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကစလို့ အိန္ဒိယဘက်က စီစစ်တင်းကြပ်တာတွေ လုပ်လာတဲ့အတွက် အိန္ဒိယနိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုနဲ့ အဖမ်းခံနေရတာလည်း ဖြစ်ပါတယ်။
 
” အဖမ်းခံရတဲ့သူတွေဟာ အင်ဖာ (Inphal)မှာ ချုပ်နှောင်ပြီး အဲ့ဒီမှာ တရားရင်ဆိုင်ရတာ ” လို့ မြန်မာလုပ်သားအရေးကူညီသူ ကိုသိန်းမြင့်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဂိုဟားသီးမြို့ကနေ နယူးဒေလီမြို့ကိုသွားမယ့် မြန်မာနိုင်ငံသား ၂၆ ယောက်ဟာ အိန္ဒိယနိုင်ငံသား မှတ်ပုံတင်အတု ကိုင်ဆောင်မှုနဲ့ အဖမ်းခံခဲ့ရပါသေးတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ၊ အင်ဖားလေဆိပ်မှာ မြန်မာနိုင်ငံသား ခရီးသည် ၁၄ ယောက်ဟာ အိန္ဒိယနိုင်ငံသား မှတ်ပုံတင်အတု ကိုင်ဆောင်မှုနဲ့ အဖမ်းခံရတာလည်း ရှိပါတယ်။
 
အဲ့ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ကနေ အခုလ ၁၀ ရက်အထိ အိန္ဒိယနိုင်ငံရောက် မြန်မာလုပ်သား ၆၀ ကျော်ဟာ သူတို့နိုင်ငံရဲ့ နိုင်ငံသားမှတ်ပုံတင်အတုကိုင်ဆောင်တယ်ဆိုပြီး ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
 
ပုံစာ -အိန္ဒိယမှာ ဖမ်းဆီးခံထားရတဲ့ပုံ
ဓာတ်ပုံ-မြန်မာလုပ်သား ကူညီရေးအဖွဲ့ ( မိုးရေး)
#voiceofmyanmar #VOM #အိန္ဒိယ #မြန်မာလုပ်သား #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW