ချောက်မြို့မှာ အပြင်ထွက်ခွင့် အချိန်ကန့်သတ်ချက်ကြောင့် မြို့ခံတွေနဲ့ ကားသမားတွေ အခက်တွေ့

အောက်တိုဘာ ၁၂-၂၀၂၁
GH ( VOM )
 
ချောက်မြို့နယ်မှာ အပြင်ထွက်ခွင့် အချိန်ကန့်သတ်ချက်တွေကြောင့် ဒေသခံပြည်သူတွေအပါအဝင်၊ မြို့ကိုဖြတ်သန်းသွားလာမယ့် ကားသမားတွေ အခက်တွေ့ပြီး ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။
 
နောက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ဆေးထောက်ချက်ပြသနိုင်သူကိုသာ စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းသွားလာခွင့်ပြုမယ်လို့လည်း အသိပေးပြောဆို တယတွေရှိနေတယ်လို့ သိရပါတယ်။
 
” မနက်ဆိုလည်း ကုန်ကားတွေဆိုက်ရင် ဂိတ်ဖွင့်ချိန် ၄ နာရီထိစောင့်ရတယ်။ ၁၀ နာရီဆိုပြန်ပိတ်ရော။ ညနေ၅ နာရီမှပြန်ဖွင့်ပေးတယ်။ ပိတ်တဲ့ကြားအချိန်ရောက်ရင် စစ်ဆေးရေးဂိတ်နဲ့မနီးမဝေးမှာ တန်းစီရတာပေါ့။သူတို့ဖွင့်တဲ့အထိ၊ ဖွင့်ခါနီးမှ ဂိတ်အနားကိုတန်းစီးရတာ။ အချိန်တွေပုပ်တာပေါ့။ ဖွင့်င့်ချိန်ထက် ပိတ်ချိန်ကများနေတာ။ ဂိတ်တခုကို ကားအစီးရေ ၁၀၀ ကျော်ကတော့နေ့တိုင်းရှိတယ်။ ကာကွယ်ဆေးထိုးပြီးကြောင်းပြနိုင်မှ နောက်ရက်ဖြတ်ခွင့်ပေးမယ်၊မပြနိုင်ရင်လှည့်ပြန်ရမယ်။ကာကွယ်ဆေးထိုးချင်ရင်လည်း ထိုးဖို့စီစဉ်ပေးထားတယ်လို့ ပြောတယ်” လို့ ကုန်ကားမောင်းသူတဦးကပြောပါတယ်။
 
ချောက်မြို့နယ်ကို မနက် ၄ နာရီကနေ ၁၀ နာရီထိ သွားလာခွင့် တချိန်၊ ညနေ ၅ နာရီကနေ ၇ နာရီအထိအချိန်တဖြတ် နဲ့ တစ်ရက်မှာ အချိန်ပိုင်းခြား(၂)ကြိမ်သာ အပြင်ထွက်ခွင့် ၊စစ်ဆေးရေးဂိတ်တွေကနေဖြတ်သန်းသွားလာခွင့်ပေးနေတာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာ မြို့အဝင်အထွက်အားလုံးကို ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” မနက် ၁၀ နာရီ မထိုးခင် ပြာပြာနဲ့ပြန်ကြသွားကြလုပ်နေရတယ်။ လိုအပ်ရင်ညနေမှ ပြန်ထွက်ပေါ့။ အခုထိမာရှယ်လောအချိန်က မဖျက်သေးတာ။ ဘေးပတ်ဝန်းကျင်ကမြို့တွေအကုန်လုံး ဖြေလျှော့တာကြာပြီ၊ ချောက်ပဲကျန်နေတာ။ အလုပ်လုပ်ကိုင်စားသောက်ဖို့ အတော်အခက်အခဲဖြစ်တယ်။သွားလာခွင့်ပိတ်ထားချိန်မှာ ဘယ်မှသွားလာလို့မရဘူး။ ” လို့ ချောက်ဒေသခံတဦးကပြောပါတယ်။
 
ချောက်မြို့နယ်မှာ စစ်ဆေးရေးဂိတ်(၃)ခုရှိကြောင်း၊ အနော်ရထာတံတားအဆင်းက ဆိတ်ဖြူစစ်ဆေးရေးဂိတ်၊ ရွှေပုံတောင်စစ်ဆေးရေးဂိတ်၊ မိုလာစစ်ဆေးရေးဂိတ် တို့ကိုဖြတ်ပြီးမှ မြို့ထဲဝင်ရောက်ရတာဖြစ်တယ်လို့ သိရပါတယ်။
 
မာရှယ်လောအချိန်ကြောင့် အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ ကုန်ကား၊ ခရီးသွားကား၊ ဆိုင်ကယ် စတဲ့ ခရီးသွားသူ အားလုံးနေ့စဉ်နဲ့အမျှ ပိတ်မိနေတဲ့ဒုက္ခကို ရင်ဆိုင်နေရသလို မြို့ခံပြည်သူတွေလည်း အလုပ်လုပ်ကိုင်ဖို့အတွက် အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အပြင် ဖမ်းဆီးခံရသူတွေပါရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
” ကန့်သတ်ထားချိန် အပြင်ထွက်လို့ မြို့ထဲတွေ့ရင်ဖမ်းတယ်။အရင်ကလည်းဖမ်းခံရသူတွေရှိခဲ့တယ်လို့ ကြားရတာတွေရှိတယ် ” လို့ ဒေသခံတဦးကပြောပါတယ် ။
 
ချောက်မြို့နယ်မှာ အပြင်မထွက်ရကန့်သတ်ချက်ကို ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက အမိန့်ထုတ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ချောက် #အပြင်ထွက်ခွင့် #အခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW