စစ်ကိုင်းတိုင်းက ကားလမ်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်လို့ သေဆုံး၊ ဒဏ်ရာရနဲ့ ကားပျက်စီးတာတွေဖြစ်ခဲ့

အောက်တိုဘာ ၊ ၁၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်းက ကားလမ်းတွေမှာ အခုရက်ပိုင်းအတွင်း လမ်းဘေးမိုင်းတွေပေါက်ကွဲတဲ့အတွက် မိုင်းစထိမှန်ပြီး လူသေဆုံးတာ ၊ ဒဏ်ရာရတာတွေအပြင် ကားတွေ ပျက်စီးတာလည်းရှိတယ်လို့ အဲ့ဒီဖြစ်စဥ်တွေမှာ ကူညီပေးခဲ့ရတဲ့ စေတနာ့ဝန်ထမ်းတွေဆီက သိရပါတယ်။
 
ကားလမ်းဘေးမှာ ပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီး စေတနာ့ဝန်ထမ်းတယောက်က “မနေ့ ( အောက်တိုဘာ ၁၁)မနက်က ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာနားက မုံရွာ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၁၀ / ၄ နဲ့ ၆ အကြားနေရာမှာ ပေါက်ကွဲတယ် ၊ သေဆုံးသူက အသက် ၃၃ နှစ်အရွယ် အမျိုးသား ဖြစ်တယ် ၊ ဦးခေါင်း ၊ ရင်ဘတ် ၊ လက်တွေမှာ မိုင်းစမှန်ပြီး သေဆုံးတာပါ ၊ ဒဏ်ရာရသူကတော့ အသက် ၇၀ အရွယ်အမျိုးသား လည်ဂုတ်နဲ့ လက်တွေမှာ ဒဏ်ရာရထားတာဖြစ်တယ် ၊ သေတဲ့သူနဲ့ ဒဏ်ရာရသူဟာ သားအဖအရင်းတွေ” လို့ ပြောပါတယ်။
 
ဒါ့အပြင် မနေ့က မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ပေါက်ပင်ရွာ၊ ချောင်းဦး-အမြင့် ကားလမ်းဘေးမှာ ပေါက်ကွဲတာတွေဖြစ်လို့ ဒဏ်ရာရသူနဲ့ သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
ချောင်းဦးမြို့ခံ တဦးက ” ပေါက်ကွဲတာက ညနေ ၆ နာရီဝန်းကျင်လောက်ဖြစ်မယ် ၊ ပေါက်ကွဲတဲ့နေရာမှာ လူတွေ မိုင်းထိတားတယ်လို့ ကြားရတယ် ၊ ၂ ယောက်ကသေတယ် ၊ ၁ ယောက်က ဒဏ်ရာပြင်းထန်ရထားတာ ” လို့ ပြောပါတယ်။
 
ဒီကနေ့မနက် ချောင်းဦးပြည်သူ့ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတယောက်ကလည်း” မိုင်းစထိမှန် ဒဏ်ရာရထားတဲ့သူဟာ ချောင်းဦးမြို့ခံ ရဲလှေချောင်းဦးမြို့မ ရပ်ကွက်မှာနေတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မေးစေ့ပေါက်ပြဲဒဏ်ရာ ၊ ပေါင် ၂ ဖက်စလုံး ပေါက်ပြဲ ဒဏ်ရာနဲ့ ဒူးအောက်ပိုင်း ပေါက်ပြဲ ဒဏ်ရာတွေ ရထားတာ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲရာမှာ သေဆုံးသူ လူ ၂ ယောက်ဖြစ်တဲ့ ကိုမောင်နိုင် အသက် ၂၅ နှစ်နဲ့ ကိုဝေဖြိုးဦး အသက် ၂၉ နှစ်ဟာလည်း ခန္ဓာကိုယ်နေရာအနှံ မိုင်းစထိမှန် ဒဏ်ရာတွေနဲ့ ပေါက်ကွဲတဲ့နေရာမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မနေ့ ( အောက်တိုဘာ ၁၁)မနက် အစောပိုင်း ၅ နာရီဝန်းကျင်က မုံရွာခရိုင်၊ ချောင်းဦးမြို့တောင်ဘက်၊ မှန်ချိုရွာအနီးက ချောင်းဦး-ပခုက္ကူ ကားလမ်းမှာလည်း ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါသေးတယ် ။
 
အဲ့ဒီ ပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီး ချောင်းဦးမြို့နယ်ကောင်စီးရုံးနဲ့ နီးစပ်သူတယောက်က ” မနက် ၄ နာရီနောက်ပိုင်းမှာ ပေါက်ကွဲတာပါ ၊ စစ်ကားတွေ ဖြတ်သွားတဲ့အချိန် ပေါက်ကွဲတာကြောင့် ကားတချို့ပျက်စီးပြီး ကားပေါ်က စစ်သည် ၃ ယောက် အနည်းငယ် ဒဏ်ရာရတယ် စိုးရိမ်ရရတဲ့ အခြေအနေ မဟုတ်ဘူး ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းမှာ စစ်ကိုင်းတိုင်းအစိုးရဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအဖွဲ့ ကားတွေ ဖြတ်သွားတဲ့အချိနိ ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါသေးတယ် ။
 
” မနက် ၆ နာရီဝန်းကျင်လောက်မှာ ပေါက်ကွဲတာပါ ၊ အရေးကြီး ပုဂ္ဂိုလ်ကားတန်းရဲ့ရှေ့မှာ ပွိုင့်ပြေးလာတဲ့ မြင်းမူ ရဲမှူးရဲ့မီးတန်းကားက ရှေ့ဘီး ၂ လုံးနဲ့ နောက်ဘီး ၁ လုံးကွဲတယ် ၊ ရှေ့မီးသီးကြီးတွေနဲ့ ရှေ့လေကာမှန် ကွဲတာပါ ၊ လူမှုရေးဝန်ကြီးရဲ့ အာရာဖတ်ကားကတော့ နောက်လေကာမှန်ကွဲပြီး နောက်အမိုး ပေါက်ထွက်သွားတယ် ၊ တိုင်းထွေ/အုပ် ညွှန်မှူးကားက နောက်ကြည့်မှန် ကွဲတာပါ ၊ ကားတွေပဲ ထိခိုက်ပျက်စီးတာ ၊ လူတွေ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး ” လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
 
အဲ့ဒါကြောင့် အခုရက်ပိုင်းအတွင်း လမ်းဘေးမိုင်း ပေါက်ကွဲဖြစ်စဥ်တွေကြောင့် စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ ဒဏ်ရာရတာ ၊ သေဆုံးတာ အပြင် ကားတွေ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW