တရုတ်ဘက်က နယ်ခြားစည်း ၁၀ ပေကျော်ကာ လမ်းဖောက်နေတာကို ဒေသခံတွေမလိုလား

အောက်တိုဘာ ၁၂၊ ၂၀၂၁
Shy V (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ၊ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ တရုတ်ဘက်ကနေ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားတဲ့ နယ်ခြားစည်းမျဉ်းထက် ၁၀ပေကျော်ကာ ရေလယ်မှာ ကျောက်ချ လမ်းဖောက် နေတာကို ဒေသခံတွေက မလိုလားကြောင်းနဲ့ လယ်မြေ ထိခိုက်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တရားဝင်သတ်မှတ်ထားတဲ့ နေရာထက် ချောင်းထဲကို ၁၅ ပေခန့်ကျွံကာ ရေလယ် ကျောက်ချပြီး တရုတ်ဘက်က လမ်းဖောက်လုပ်နေတာ၊ အရင် ချောင်းက ပေ ၂၀ လောက်ရှိတယ်။ ကြူကုန် (ပန်ဆိုင်း)မြို့၊ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ။ ဒီ ချောင်းအလယ်ထိ ရောက်နေတယ် သူတို့ကျောက်တွေ။ အစကတော့ ချောင်းက အုတ်တံတိုင်းထိ ကျယ်တယ်။ ပတ် ကင်းလမ်းဖောက်တာ။မြန်မာဘက်ခြမ်းက လယ်ပိုင်ရှင်တွေ ရေကြီးလာပြီး လယ်တွေမှာ ရေတိုက်စားလာလို့ နယ်ခြားစည်းနားကို ရေကာတဲ့ စည်းရိုးလာလုပ်ရင်တောင်မှ တရုတ်ဘက်က သေနတ်နဲ့ ရောက်လာတယ်”လို့ ဒေသခံ ၁ ဦးက အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက ပြောပါတယ်။
 
နှစ်နိုင်ငံ နယ်ခြားစည်းမျဉ်းနဲ့ ၁၀ မီတာအတွင်း ဘာမှ မလုပ်ရဘူးလို့ သတ်မှတ်ချက်ရှိထားပေမယ့် တရုတ်ဘက်က သတ်မှတ်ချက်ချိုးဖောက်ပြီး ၁၀ မီတာ အတွင်း မြန်မာဘက်ခြမ်း ချောင်းအလယ်ထိ ကျောက်ဖို့ကာ နယ်ခြားစည်းမျဉ်းတလျောက် တံတိုင်းကာတဲ့အပြင် ကင်းပတ်လမ်းပါ နယ်ကျွံဖောက်လုပ်နေတာကြောင့် ဒေသခံတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေထဲ ရေလျှံလာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
 
“ဒီချောင်းမှာ အဲ့ဒီလိုလုပ်လာလို့ ပန်ဆိုင်းဘက်ခြမ်းက လယ်တွေထဲ ရေတွေ ရောက်ကုန်တယ်။ မိုးရွာရင် ပိုဆိုးမှာ။ ချောင်းက ဒီ မြန်မာဘက်ခြမ်းရောက်သွားမှာ။ လယ်တော အလယ်လောက် ရောက်သွားလိမ့်မယ်။ အခုတောင် ချောင်းက မြန်မာနိုင်ငံဘက်ခြမ်းလှည့်လာပြီ။ သူတို့လုပ်တဲ့ ပုံစံက။” လို့ လယ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။
 
တရုတ်ဘက်က နေ့ရော ညပါ မနားမနေ အလျင်စလို လုပ်နေပြီး မကြာသေးမီအချိန်က ဒေသခံတွေဟာ မြန်မာဘက်က ဌာနဆိုင်ရာကို အကြောင်းကြားတင်ပြတာကြောင့် ဌာနဆိုင်ရာတွေ လာကြည့်ပေမယ့် ခေတ္တရပ်ဆိုင်းထားပြီး လက်ရှိမှာတော့ ပြန်လည် ‌ဖောက်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒေသခံတွေအနေနဲ့ မြေစာရင်း၊ ထွေအုပ်၊ ရဲ၊ သတင်းအဖွဲ့တွေအားလုံးကို တရုတ်ဘက် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့နဲ့ တားဆီးပေးဖို့ အကြောင်းကြားထားပေမယ့် ထူးခြားမှု ရှိမလာဘူးလို့ ဒေသခံတဦးပြောပြချက်အရ သိရပါတယ်။
 
” ဌာနဆိုင်ရာတွေအနေနဲ့ ဘာမှမလုပ်‌ဘူးဆိုရင် ဒေသခံတွေက သူတို့ကိုယ်တိုင် အဲ့ဒီ ကျောက်တွေကို သွားဖြိုပစ်ရမလားဆိုပြီး စောင့်ကြည့်နေကြတယ်”လို့ သူကပြောပါတယ်။
 
ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲအတွင်းက စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ မြန်မာ-တရုတ်နယ်စပ်မှာလည်း ဩဂုတ်လလယ်ပိုင်းက တရုတ်ဘက်က နယ်ခြားခြံစည်းရိုး အလျင်အမြန် တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ ဟက်ဟင်ရွာမှာ မြန်မာ-တရုတ် နယ်ခြားစည်းကျော်ပြီး တရုတ်ဘက်က နယ်ကျွံစည်းရိုးကာယူထားတာကြောင့် ဒေသခံတွေဆန္ဒပြကာ ပြန်လည် ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။
 
တရုတ်နိုင်ငံဘက်က ပြီးခဲ့တဲ့၂၀၂၀ ကတည်းက ကိုဗစ်အကြောင်းပြပြီး မြန်မာ-တရုတ် နယ်စပ်တလျှောက် နယ်ခြား အုတ်တံတိုင်းကာရာမှာ မြန်မာဘက်ကို စည်းကျော်ဝင်ရောက်လာတာဖြစ်ပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #ကြူကုတ် #တရုတ်ဘက် #နယ်စည်းကျော်

Related posts

Leave a Comment

VOM News

FREE
VIEW