ထောင်နှုတ်ခမ်းပေါ်က ဆိုင်ကယ် ကယ်ရီသမားများ

အေးချမ်းသူ(VOM)
 
YBS ကားပေါ်က ဆင်းလာမယ့် ခရီးသည်ကိုကြည့်ရင်း ဆိုင်ကယ်ကယ်ရီသမားတွေ သူ့ထက်ငါ အပြေးအလွှား ခရီးသည်ရရှိရေးအတွက် ခေါ်နေကြပါတယ်။
 
လမ်းဆုံလမ်းခွလမ်းဖြစ် YBS ကားအများစု ရပ်နားရာ မြောက်ဥက္ကလာ ခြောက်ကွေ့မှတ်တိုင်ရဲ့မီးပွိုင့်မှာတော့ စစ်သားတွေ၊ရဲတွေ သေနတ်တွေကိုင်ပြီး ရပ်နေကြပါတယ်။
 
သေနတ်တွေကိုင်ထားတဲ့ စစ်သားတွေ၊ရဲတွေကို ဂရုမစိုက်နိူင်ဘဲ ပူပြင်းလှတဲ့နေကို အံတုရင်း မိသားစုစားဝတ်နေရေးနဲ့ ခရီးသည်ရဖို့အတွက်ကိုသာ လုံးပန်းနေကြပါတယ်။
 
ဆိုင်ကယ်ကယ်ရီဆွဲသူတွေဟာ နေပူလှတဲ့အတွက် အချို့မှာ ဦးထုတ်ဆောင်းထားကြသူတွေရှိသလို အချို့က ဦးထုတ်မဆောင်းနိူင်ကြပေမယ့် အားလုံးမှာတူညီနေစွာမြင်ရတာက ကိုယ်စီmaskတပ်ထားတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။
 
“အဲ့ဒါတွေ ဂရုမစိုက်နိူင်ဘူး ငါ့ညီရေ၊ သူတို့ကိုကြောက်နေလို့လည်း အပိုပဲ မိသားစုစားဝတ်နေရေးက အရေးကြီးတယ်၊ ခရီးသည်ရမှ ကယ်ရီများများဆွဲမှ ထမင်းစားဖို့ရမှာ နောက်ဖြစ်မှနောက်ရှင်းပေါ့”လို့ ရွှေပေါက်ကံမှာ ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ဦးအေးကြည်က ပြောပါတယ်။
 
လေဖြတ်နေတဲ့ မိခင်ဖြစ်သူနဲ့ မိသားစု(၄)ဦးကို ဆိုင်ကယ်ကယ်ရီဆွဲပြီး ရှာဖွေကျွေးနေရသူ ဦးအေးကြည်ဟာ ပညာတက်ဘွဲ့ရတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလနောက်ပိုင်းမှာ လုပ်ငန်းခွင်မဝင်ဘဲ CDMပြုလုပ်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။
 
“ဒါသမိုင်းပဲ ညီလေး ကိုယ်မကြိုက်တဲ့ အစိုးရလက်အောက်မှာ မလုပ်ချင်ဘူး၊ သူတို့ကမထုတ်ဘူးနော် ကိုယ်ကမလုပ်ချင်တာ၊ ရှိတဲ့ပိုက်ဆံလေးနဲ့ ဆိုင်ကယ်ဝယ်တယ် ကယ်ရီဆွဲတယ်၊ အစ်ကိုက ဂိတ်မှာထိုင်မဆွဲဘူး၊ ဂိတ်မှာက ပိုက်ဆံမရဘူး အလှည့်ကျဆွဲရတာလေ၊ ကိုယ့်ဖောက်သည်တွေရှိတယ် သူတို့နဲ့လိုက်တယ်”လို့ ရှင်းပြပါတယ်။
 
ရန်ကုန်က မြို့နယ်အချို့မှာ စစ်တပ်နဲ့ရဲတွေဟာ ဆိုင်ကယ်ကယ်ရီမောင်းနှင်းသူတွေကို ပစ်မှတ်ထားဖမ်းဆီးလာတဲ့အပြင် ပစ်ခတ်မှုအချို့ကြောင့် သေဆုံးခဲ့သလို စစ်ကြောရေးမှာ ရိုက်နှက်ခံရလို့သေဆုံးရတဲ့သူတွေလည်း ရှိတယ်လို့ ထောက်ကြန့်လမ်းဆုံမှာရှိတဲ့ ဆိုင်ကယ်
ကယ်ရီသမားတဦးက ပြောပါတယ်။
 
“မှတ်မိသေးတယ်ဗျ စမ်းကြီးဝက ဦးကြည်စိန်ဆို ကယ်ရီဆွဲနေရင်း စစ်တပ်ကဖမ်းသွားတာ သုံးရက်လောက်ဆို သေရော၊ အကောင်းကြီးဗျာ ဘာရောဂါမှလည်းမရှိဘူး၊ အရင်က ယာဥ်ထိန်းပဲ ကြောက်ရတာ၊ အခုက ဒလန်ရော စစ်တပ်ရော ရဲရော ကြောက်နေရတာ”လို့သူကပြောပါတယ်။
 
ပရဟိတလုပ်ရင်း ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်က ဦးကြည်စိန်ကို အောက်တိုဘာ ၁ရက်နေ့က ဖမ်းဆီးသွားခဲ့ပြီး အောက်တိုဘာ ၃ရက်နေ့မှာ သေဆုံးသွားတယ်လို့ဆိုကာ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းကို အကြောင်းကြားခဲ့တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
 
မိသားစုစားဝတ်နေရေးအတွက် ဆိုင််ကယ်ကယ်ရီဆွဲပြီး ဝမ်းရေးအဖြေရှာနေရသူတွေအတွက် ဆီဆိုင်တွေကိုပါ ဆိုင်ကယ်ကယ်ရီမောင်းနှင်နေသူတွေကို ဆီရောင်းချခြင်းမပြုဖို့ လိုက်လံပိတ်ပင်တားဆီးတာတွေလည်း ရှိတယ်လို့ ရွှေပြည်သာမှာကယ်ရီမောင်းနှင်နေသူတဦးက ပြောပါတယ်။
 
“အဲ့ဒီလိုလည်း လိုက်ပိတ်ဖူးတယ်၊ ဆီဆိုင်မှာ သွားဝယ်ရင်မရောင်းဘူး၊ ဘာကြောင့်လဲလို့မေးရင် ဆီဆိုင်ကမပြောဘူး၊ နောက်မှသိတာ စစ်တပ်က ကယ်ရီဆွဲတဲ့သူတွေဆီရောင်းရင် ဆိုင်ကိုပိတ်မယ်ဆိုလို့ အခုတော့ မဟုတ်ပါဘူး လွန်ခဲ့တဲ့နှစ်လလောက်ကပါ”လို့ ပြောပါတယ်။
 
ရန်ကုန်မှာ ဇွန်လ ၉ရက်နေ့က ဆိုင်ကယ်စီးနှင်းမှုကို တားမြစ်လိုက်ပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီး ဆိုင်ကယ်တွေသာမက ဘတ်ထရီအားသွင်းပြီးစီးရတဲ့ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးခဲ့သေးတယ်လို့ ကယ်ရီသမားအများစုက ပြောပါတယ်။
 
“ဆိုင်ကယ်နဲ့ဗုံးလိုက်ပစ်တဲ့သူတွေကြောင့်လို့ ခေါင်းစဥ်တပ်တော့ မရှိလို့ရှာစားနေတဲ့ ကယ်ရီသမားတွေပါ ဒုက္ခရောက်ရော၊ ရဲကလည်းမဖမ်းနိူင်တော့ ဝါးလုံးချီးသုတ်ပြီး ပတ်ရမ်းတာမျိုး”လို့ လှိုင်သာယာမြို့နယ်က ရပ်မိရပ်ဖတဦးက သုံးသပ်ပါတယ်။
 
မေလပိုင်းကစလို့ ရန်ကုန်က မြို့နယ်အချို့မှာ ဌာနဆိုင်ရာရုံးတွေနဲ့.ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကို ဆိုင်ကယ်နဲ့ဗုံးလိုက်ပစ်လို့ပေါက်ကွဲမှုတွေဖြစ်ခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။
 
ဒီလိုဖြစ်စဥ်တွေဖြစ်ပြီးနောက်ပိုင်းမှာ ဆိုင်ကယ်ကယ်ရီသမားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး မြို့နယ်အချို့မှာ သေဆုံးခဲ့ရသူတွေရှိသလို ဖမ်းဆီးခံရသူအများအပြားလည်းရှိခဲ့ပါတယ်။
 
“ကယ်ရီသမားမှာ ပစ်သတ်ခံရတာက (၂)မျိုးရှိတယ်၊ တစ်ချို့က ကယ်ရီဆွဲရင်း စစ်သားတွေရဲတွေက တားလို့ကြောက်လန့်ပြီးမောင်းပြေးရာက သေနတ်နဲ့ပစ်ခံရလို့သေတယ်၊ အချို့က ကယ်ရီမဆွဲဘဲ စစ်တပ်နဲ့ရဲကိုသတင်းပေးလို့ ပစ်သတ်ခံရတာ “လို့ မြောက်ဒဂုံက
ကယ်ရီသမားတဦးက ပြောပါတယ်။
 
ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ကို စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ် ၁၂ မြို့နယ်ဖြစ်သော သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင် မြို့နယ်တို့မှာသာ စီးနင်းခွင့်ပြုထား
တာဖြစ်ပါတယ်။
 
အခြားပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ဆိုင်ကယ်စီးခွင့်ရရှိပေမယ့် ရန်ကုန်မြို့တော်အတွင်း ဆိုင်ကယ်စီးခွင့်ကို နအဖအစိုးရလက်ထက်၁၉၉၉ ခုနှစ်ခန့်က စတင်ပိတ်ပင်ခဲ့ရာ နှစ်ပေါင်း ၂၀ နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
 
ပိတ်ပင်ထားပေမယ့်လည်း ရန်ကုန်တိုင်းထဲက မြို့အချိုမှာတော့ ဒေသရဲလိုအပ်ချက်အရနဲ့ မိသားစုဝမ်းရေးအတွက် ဆိုင်ကယ်ကယ်ရီဆွဲခြင်းဖြင့် စားဝတ်နေရေးပြဿနာဖြေရှင်းနေကြရပါတယ်။
 
ဒီလိုပိတ်ပင်ထားတဲ့အတွက် ရန်ကုန်မြို့မှာ ဥပဒေနဲ့အညီ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးအတွက် Yangon Bikers Revolution အဖွဲ့က ကမ်ပိန်းတစ်ခုကို၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၇ရက်နေ့က ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါသေးတယ်။
 
Yangon Bikers Revolution အဖွဲ့ကပြုလုပ်တဲ့ ကမ်ပိန်းဟာ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေးအတွက်ဖြစ်ပြီး အဲ့ဒီအချိန်က တောင်းဆိုချက်အပေါ် ထောက်ခံသူ၊ ကန့်ကွက်သူများစွာက စီးခွင့်ပြုရေး၊ မပြုရေး လူမှုကွန်ရက်စာမျက်နှာမှာ ငြင်းခုံခဲ့ကြပါသေးတယ်။
 
ရန်ကုန်မှာ ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့ စည်ပင်သာယာနယ်နမိတ်ပြင်ပ (၁၁)မြို့နယ်မှာပြဿနာမရှိသော်လည်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့ ၃၁ မြို့နယ်တွင်း စီးနင်းသူတွေကို ဖမ်းဆီးတာတွေရှိပြီး ကျပ်သိန်းနဲ့ချီပဒဏ်ရိုက်သလို ဆိုင်ကယ်ကို သိမ်းယူတာလည်းရှိ
ခဲ့တယ်လို့ သိရပါတယ်။
 
၂၀၂၀ပြည့်နှစ်မှာ မြန်မာတနိူင်ငံလုံး မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စီးရေ (၁၀၈,၂၁၉,၇)ရှိပြီး ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီအပါအဝင် စက်တပ်ယာဥ်အားလုံးအစီးရေ (၇၃၃,၁၈၉,၄)စီး ကညနမှာ မှတ်ပုံတင်ထားပြီး ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားတဲ့ ကားအစီးရေ (၅၆၀၀၀၀)ကျော်နဲ့ လူစီးမော်တော်ယာဥ်
(၃၄၆၇၀၉)စီး ရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
 
ပြည်ထောင်စုလွှတ်တော်က ၂၀၂၀ ခုနှစ် မတ်လ ၂၆ရက်မှာ အတည်ပြုပြဌာန်းလိုက်တဲ့ မော်တော်ယာဥ်ဥပဒေအသစ်ကလည်း ဆိုင်ကယ်ကယ်ရီသမားအဖို့ အခက်တွေ့စေခဲ့ပါတယ်။
 
ပြောင်းလဲပြင်ဆင်ထားတဲ့ မော်တော်ယာဥ်ဥပဒေအရယာဉ်မောင်းသူအား ထောင်ဒဏ် ၁ လအထိ ချမှတ်နိုင်သည့်အပြင် ရန်ကုန်တိုင်းစည်ပင်သာယာနယ်နိမိတ်မှာ ဆိုင်ကယ်စီနင်းခွင့်မရှိတဲ့အတွက် စည်ပင်ဥပဒေအရ ထပ်မံအရေးယူမည်ဖြစ်ရာ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ပါက သွင်းကုန်ထုတ်ကုန်ဥဒေအရ ထောင်ဒဏ် ၆ လ ကနေ ၁ နှစ်အထိ ချမှတ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
 
အငြိမ်းစားယာဥ်ထိန်းရဲတဦးက” ဆိုင်ကယ်သမားတွေအတွက်က ပုဒ်မ-၇၆(က)(ခ)(ဂ)ပေါ့၊ ပုဒ်မ ၇၆(က)က ဆိုင်ကယ်နောက်ကြည့်မှန်၊ အိတ်ဇောရှိ၊ အသုံးထိန်းကိရိယာမပါဘဲ မောင်းနှင်းတာ၊(ခ)က ဆိုင်ကယ် အရှေ့မီးနောက်မီးအချိန်ပြည့်ဖွင့်ပြီး မမောင်းတာ၊(ဂ)က မောင်းတဲ့သူရော စီးတဲ့သူပါ ဦးထုတ်မဆောင်းတာပါ၊ အဲ့ဒါတွေချိုးဖောက်ရင်တော့ ဒဏ်ငွေသုံးသောင်းပါ၊ ဒါက ဆိုင်ကယ်စီးလို့ရတဲ့မြို့နယ်တွေပါ”လို့ ပြောပါတယ်။
 
ဥပဒေတွေ ထုတ်ပြန်ဖမ်းဆီးနေပေမယ့် အခြေခံလူတန်းစားတွေဟာ မိသားစုစားဝတ်နေရေးအတွက် ဆိုင်ကယ်ကယ်ရီဆွဲရင်း ဝမ်းရေးပြဿနာကို ဖြေရှင်းနေရပါတယ်။
 
ဆိုင်ကယ်ကယ်ရီကို ကိုယ်ပိုင်ဝယ်ယူပြီး ဆွဲနေတဲ့သူတွေရှိသလို မဝယ်နိူင်တဲ့သူတွေက တစ်ရက်ကို ၁၅၀၀ ၂၀၀၀ကျပ်နဲ့ ကိုယ့်ဆီကိုယ်ထည့်ကာ ဌားရမ်းမောင်းနှင်းကြတာတွေလည်းရှိတယ်လို့ ဆိုင်ကယ်ကယ်ရီသမားတွေဆီက သိရပါတယ်။
 
“ကိုယ်က သူများဆီက ဆိုင်ကယ်လည်း တစ်ရက် ၁၅၀၀ နဲ့ငှားပြီးဆွဲပါတယ်၊ ခရီးသည်လိုက်ပို့ရင်း ဇေကမ္ဘာဝင်းထဲမှာ ဓားထောက်အလုခံလိုက်ရတယ်၊ ပိုင်ရှင်ကို မနည်းတောင်းပန်ရတယ်၊ အတိုးနဲ့ပိုက်ဆံချေးပြီး တဝက်လျှော်ထားရတယ်၊ အခုဆို အရမ်းဝေးရင်မလိုက်ရဲဘူး”လို့ မင်္ဂလာဒုံမှာ ကယ်ရီဆွဲနေသူတဦးက ပြောပါတယ်။
 
နိူင်ငံရေးအခြေအနေကြောင့် စစ်တပ်နဲ့ရဲတွေအပြင် ဆိုင်ကယ်လုယက်သူတွေကိုလည်း ကယ်ရီသမားတွေကြောက်နေရပြီး လူစိမ်း၊ခရီးဝေးများ အခုကာလမှာ မသွားကြဘူးလို့ သူကပြောပါတယ်။
 
“ဘယ်မှာဗုံးပေါက်တယ်ဆိုလဲ စိတ်ပူရ၊ စစ်တပ်နဲ့ရဲကားတွေ့ရင် စိတ်ပူရ၊ ကယ်ရီသမားတွေ အသတ်ခံရတယ် သတင်းလိုက်မေးရ၊ ဖမ်းသွားပြီဆိုလည်း သူနဲ့ကယ်ရီအတူတူဆွဲနေတဲ့သူကို ဖုန်းဆက်ရနဲ့ သူအိမ်ပြန်လာမှ ကျွန်မတို့မှာ စိတ်သက်သာရှာရတာ၊ ထောင်နှုတ်
ခမ်းနင်းပြီး လုပ်ရတာလေ အခုကာလက”လို့ ဦးအေးကြည်ရဲ့အမျိုးသမီးဖြစ်သူက ပြောပါတယ်။
 
ခရီးသည်နောက်ကို ကယ်ရီပါသွားတဲ့ ခင်ပွန်းဖြစ်သူ ဘေးမသီရန်မခဘဲ အိမ်ပြန်အလာကို အိမ်ရှေ့က ကွမ်ပျစ်လေးမှာ ထိုင်စောင့်ရင်း ဘုရားစာရွတ်နေပေမယ့် သူ့ရင်ထဲမှာတော့ သောကမီးတွေနဲ့ ပူပန်နေရပါတယ်။
 
#voiceofmyanmar #VOM #ထောင်နူတ်ခမ်းပေါ်က #ကယ်ရီသမားများ

Related posts

Leave a Comment

VOM News

FREE
VIEW