ရန်ကုန်မြို့က ကျောတခင်းစာပြဿနာ

အေးချမ်းသူ(VOM)

“မိုးမရွာခင် မြန်မြန်ဖျက်ဟေ့ မိုးရွာရင် မိုးခိုစရာမရှိဘဲ နေမယ်”လို့ အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ ဦးဖိုးလေးရဲ့ စကားသံကြောင့် ဖျက်ထားတဲ့ ကျူးတဲက ပစွည်းတွေကို မိသားစုဝင်တွေ အမြန်သိမ်းနေကြပါတယ်။

နေလောင်ဒဏ်နဲ့အတူ အဆီပြန်နေတဲ့မျက်နှာ၊ အုန်းဆီမထည့်ထားလို့ ဌက်သိုက်အလား ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အသားမာတက်နေတဲ့လက်ဖဝါးတွေ သူဖြတ်သန်ခဲ့တဲ့ ဘဝ ဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာ သိနိူင်ပါတယ်။

ဆယ်ပေပတ်လည်အိမ်လေးကို အောက်ခြေမှာ ဝါးယားပိုင်းတွေ၊ သစ်တိုသစ်စတွေနဲ့ အိမ်တိုင်လုပ်ထား ကြမ်းပြင်ကိုဝါးခင်း၊ ဘေးဘက်မှာ တာပေါ်လင်အစတွေနဲ့ကာထားပြီး အမိုးကိုတော့ ဓနီတွေနဲ့ မိုးထားပါတယ်။

“ဖျက်ရမယ်ဆိုတော့လည်း မတက်နိူင်ဘူးလေ ကိုယ့်အိမ်မှ မဟုတ်တာ၊ ကျနော်တို့က တကယ်မရှိလို့ နေတာပါ၊ ရောင်းစားတဲ့သူလည်း မဟုတ်ဘူး ကျူးပြီးလည်း ပြန်မရောင်းဘူး၊ အခုဖျက်ရမယ်ဆိုတော့ အိမ်ငှားနေရတော့မှာပေါ့”လို့ ပြောပါတယ်။

ဦးဖိုးလေးတို့မိသားစုဟာ ဒလမြို့နယ်၊ ခနောင်ဘက်ကနေ ယခုနေထိုင်ရာ ကျူးကျော်နေရာကို ပြောင်းရွှေ့လာခဲ့သည်မှာ ၅နှစ်နီးပါးရှိပြီလို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ အောက်တိုဘာ ၁၅ ရက်က ဦးဖိုးလေးတို့ နေထိုင်ရာ ရန်ကုန်-ပုသိမ်ကားလမ်းလမ်းနယ်နမိတ်အတွင်းက ကျူးကျော်အဆောက်အအုံတွေ ဖျက်ဖို့အတွက်
စာပေးပို့ခဲ့တာဖြစ်တယ်လို့ ကျူးကျော်နေထိုင်သူအမျိုးသမီးတဦးက ပြောပါတယ်။

“အဲ့ဒီနေ့က လန့်သွားတာပဲ၊ စစ်သားတွေရော ရဲတွေရော စည်ပင်တွေရော အဖွဲ့စုံလာတာ၊ ဖျက်ဖို့ပဲပြောတယ် မဖျက်ရင် ဥပဒေအရအရေးယူမယ်လို့ပြောတယ်”လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်-ပုသိမ် ကားလမ်းမကြီး နယ်နမိတ်အတွင်း ကျူးကျော်နေထိုင်သူတွေဟာ အိမ်ခြေ ၃၀၀နီးပါးရှိပြီး လူဦးရေ နှစ်ထောင်နီးပါးရှိတယ်လို့ သိရပါတယ်။

ကျူးကျော်နေထိုင်သူတွေဘက်ကလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီကို အောက်တိုဘာ ၁၈ရက်က အသနားစာတင်ထားသေးတယ်လို့ ကျူးကျော်နေထိုင်သူတွေက ပြောပါတယ်။

ရန်ကုန်ကို အောက်တိုဘာ ၇ ရက်က နစကကောင်စီဥက္ကဌ ရောက်ရှိလာပြီး ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွေနဲ့တွေ့ဆုံကာ ကျူးကျော်နေထိုင်သူများကိစ္စ ဖြေရှင်းဆောင်ရွက်ဖို့ မှာကြားခဲ့ပြီး တပတ်အကြာမှာ အခုလိုညွှန်ကြားစာထွက်ရှိလာတာလည်းဖြစ်ပါတယ်။

လက်တလောမှာ ရန်ကုန်-ပုသိမ်ကားလမ်းနယ်နိမိတ်က ကျူးကျော်နေထိုင်သူတွေကို အောက်တိုဘာ ၂၃ ရက်က ဖယ်ရှားပေးဖို့အတွက် ပုဒ်မ-၁၃၃ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကျူးကျော်နေထိုင်တဲတွေမှာ နေထိုင်သူတွေကလမ်းဘေးစျေးရောင်းသူတွေ၊ကုန်ထမ်းသူတွေ၊ အမှိုက်ကောက်သူတွေ၊ ဆိုက်ကားနင်းသူတွေ၊ ငါးဖမ်းသူတွေ နဲ့ပန်းရံလုပ်သူတွေ အများစုနေထိုင်ကြတာပဲဖြစ်ပါတယ်။

လက်တလော အိမ်ဖျက်နေတဲ့ အမျိုးသမီးတဦးကတော့ “ဖျက်တဲ့သူတွေလည်း ရှိသလို မဖျက်ဘဲ အခြေအနေစောင့်ကြည့်တဲ့သူတွေလည်းရှိတယ်၊ ညီမတို့ကတော့ ရှိတဲ့ပိုက်ဆံလေးနဲ့ လိုင်းခန်းလေးမှာ ငှားနေတော့မယ်၊ မရှိရတဲ့ကြားထဲ တရားရုံးတွေ ဂတ်တွေ မရောက်ချင်ဘူး”လို့ ပြောပါတယ်။

Enter
You sent
ကျူးကျော်နေထိုင်သူတွေထဲမှာ စီးပွားဖြစ်လုပ်ကိုင်နေတဲ့ ကျူးကျော်တွေနဲ့ အမှန်တကယ်နေစရာမရှိလို့ ကျူးကျော်မြေနေရာတွေမှာ နေထိုင်သူရသူဆိုပြီး နှစ်မျိုးရှိတယ်လို့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။

“မှတ်မှတ်ရရပြောရရင် ၂၀၁၀နောက်ပိုင်းမှာ ကျူးကျော်ကိစွတွေဖြစ်လာတာပဲ၊ အဲ့ဒီနှစ်တွေကဆိုရင် ရပ်ကွက်ထဲမှာ တိုက်နဲ့နေတဲ့သူလည်း ကျူးကျော်မှာ မြေနေရာကို သုံးနေရာလောက်ရှိတယ်၊ သူက
စီးပွားရေးအတွက်လေ ပြီးရင်ရတဲ့ဈေးနဲ့ ပြန်ရောင်း”လို့ သူကရှင်းပြပါတယ်။

၂၀၁၀ ကနေ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းက ကျူးကျော်နေထိုင်သူတွေဟာ မြို့နယ်အချို့မှာ စည်ပင်မြေ၊လယ်မြေ၊ဌာနဆိုင်ရာမြေ၊အိုးအိမ်မြေ နဲ့ကုမ္မဏီပိုင်မြေကွက်တွေမှာ လူအလုံးအရင်းနဲ့ ဝင်ရောက်ကျူးကျော်နေထိုင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကျူးကျော်နေထိုင်သူတွေကိစ္စဖြေရှင်းရာမှာ ပါဝင်ခဲ့သူ အငြိမ်းစားရဲတပ်ဖွဲ့ဝင်တဦးက “အမှတ်တရပြောရင် ၂၀၁၄ က ပန်းလှိုင်တံတားအောက်မှာ လူအင်အားထောင်ချီပြီးကျူးကျော်တယ်၊ ပါတီတွေကဦးဆောင်တာ ဘယ်ပါတီလဲဆိုတာ လုပ်ခဲ့တဲ့သူတွေသိတယ်၊ ခြံတွေခတ်တယ် ပြီးရင်တကွက်ကို ခြောက်သောင်းနဲ့ပြန်ရောင်းတယ်၊ အဲ့ဒီ ကိစ္စတုန်းကဆို သေနတ်နဲ့ဖောက်ပြီး ရှင်းရတဲ့အဆင့်ပါရောက်တယ်”လို့ ပြောပါတယ်။

အမှန်တကယ် နေစရာအခက်အခဲရှိသူတွေကို စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေက ဦးထားတဲ့မြေကွက်ကို တဆင့်ပြန်လည်ရောင်းချတာမျိုးလည်းရှိတယ်လို့ သူကပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ရန်ကုန်တိုင်းအစိုးရကနေ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အနှံ့မှာရှိတဲ့ ကျူးကျော်နေထိုင်သူ ၄၃၀,၀၀၀ ဝန်းကျင်ကို စာရင်းကောက်ယူပြီး မြို့နယ် ၁၃မြို့နယ်က ကျူးကျော်နေထိုင်သူ ၁၆၇၇၃၈ ဦးကို အိမ်ယာဝယ်ယူခွင့်ပြုဖို့ အသိအမှတ်ပြု စမတ်ကတ် ထုတ်ပေးခဲ့တယ်လို့ NLDပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

“ဘယ်လိုပဲ လုပ်ပေးလုပ်ပေး မရပါဘူး၊ စမတ်ကတ်တွေကိုတောင် ၁၅သိန်း၊သိန်း၂၀နဲ့ ရောင်းစားတဲ့သူတောင်ရှိတယ်၊ အဲ့ဒီ စမတ်ကတ်ကို ရောင်းစားတဲ့သူတွေ အခြားမြို့နယ်က ကျူးကျော်တဲမှာ ပြန်တွေ့တယ် သံသရာလည်နေတာပဲ”လို့ ပြောပါတယ်။

ရန်ကုန်မှာ အခုနောက်ပိုင်း ကျူးကျော်မြေနေရာဦးပြီး ရောင်းစားတဲ့အလုပ် မတွင်ကျယ်တော့တဲ့အခါ လယ်မြေတွေကို အကွက်ရိုက်ရောင်းစားတဲ့အလုပ်ကို စီးပွားဖြစ်လုပ်ကိုင်လာကြတယ်လို့ တရားလွှတ်
တော်ရှေ့နေတဦးက ပြောပါတယ်။

“လယ်မြေဆိုတာ လယ်စိုက်လို့ပဲရတာလေ အဆောက်အဦးဆောက်လို့မရဘူး။ ရောင်းတဲ့သူက ပုံစံ ၇ တို့ ပုံစံ ၁၀၅တို့ရှိတယ်ဆိုပြီး ပြောရောင်းကြတာ၊ အဲ့ဒါတွေက အထောက်အထားမဟုတ်ဘူးဗျ သက်သေ လယ်ပိုင်ဆိုင်တယ်ဆိုတဲ့ သက်သေ၊ ဒါကို မသိနားမလည်တဲ့သူက ဝယ်တော့ မိအေးနှစ်ခါနာဖြစ်ရော”လို့ သူကပြောပါတယ်။

လယ်ယာမြေရောင်းချသူတွေ ပြောပြီးရောင်းတဲ့ပုံစံ (၇)ဟာ လယ်ယာမြေလုပ်ပိုင်ခွင့်သာဖြစ်ပြီး ပုံစံ (၁၀၅) ဟာ မြေပုံသာဖြစ်၍ မြေယာပိုင်ဆိုင်မှု အထောက်အထားမဟုတ်ဘူးလို့ သူကရှင်းပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ (က) အရ နိုင်ငံတော်သည် မြေအားလုံး၊ မြေပေါ်မြေအောက်၏ မူရင်းပိုင်ရှင်ဖြစ်သည်။ မည်သူ့ထံတွင်မှ မြေပိုင်ဆိုင်ခွင့် အာမခံချက်မရှိပေ။ အစိုးရက မြေသိမ်းပါက ချက်ချင်းအသိမ်းခံရမည်ဖြစ်သည်ဟု ဖော်ပြထားပါတယ်။

အစိုးရအနေဖြင့် သစ်တောကြိုးဝိုင်းမြေများ ကျူးကျော်အကွက်ရိုက်ရောင်းချခြင်း၊ လယ်ယာမြေများပေါ်တွင် မြေကွက်ရိုက်ရောင်းချသူများကို သေးငယ်တဲ့အခြေအနေမှာ ကိုင်တွယ်ဖြေရှင်းနိူင်ခြင်းမရှိပါက ထိခိုက်နစ်နာရမည့်သူများမှာ ချွေးနှဲစာနဲ့ဝယ်ယူ
ထားသော သာမန်ပြည်သူများသာဖြစ်တယ်လို့ လယ်ယာမြေအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

“အခုဆို လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း လယ်မြေတွေအကွက်ရိုက်ရောင်းနေတာရှိတယ်၊ ဒါကမမှန်ဘူးလို့ ပြောမယ့်သူထက် တန်တယ်ဆိုပြီး ဝယ်တဲ့သူကများနေတယ်၊ လမ်းမှန်ရောက်အောင် ပြင်ပေးမယ့်သူနည်းတယ်”လို့ သူကပြောပါတယ်။

Enter
You sent
ကျူးကျော်နေထိုင်မှုပြဿနာတွေဟာ ရန်ကုန်မြို့မှာ အခုမှဖြစ်တဲ့ ပြဿနာမဟုတ်ဘဲ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေတာဖြစ်ပါတယ်။

၁၉၅၄ ခုနှစ်မှာ ရန်ကုန်မြို့ကို ကမ္ဘာ့အဆင့်မီ မြို့တော်ကြီးအဖြစ် တည်ဆောက်ဖို့ “မဟာ ရန်ကုန်မြို့တော် တည်ဆောက်ရေးစီမံကိန်း “ ကို ရေးဆွဲခဲ့ပေမယ့် ဖဆပလ နှစ်ခြမ်းကွဲမှုကြောင့်အကောင်အထည်မဖော်နိူင်သေးပေ။

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးကြီးထူးစိန်က “မြို့တော်ကို ချွေးနှင့် ဆေးမည်”ဟု တက်ကြွစွာ ကြွေးကြော်ခဲ့ပြီး သာကေတ၊တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပမြို့နယ်တို့ကို တည်ဆောက်ခဲ့ပါတယ်။

မြို့သစ်တွေတည်ဆောက်ရာမှာ မြို့သစ်နေ ပြည်သူအများ အလုပ်အကိုင်အခွင့်အလမ်းအတွက် စက်မှုလက်မှုရပ်ကွက်၊ သာသနာ့နယ်မြေ၊ မြို့ပြစီမံကိန်းအုပ်ချုပ်ရေးအတွက် ရုံး၊ ကျောင်း၊ ရဲစခန်း၊ မီးသတ်စခန်းများ၊ ပြည်သူလူထုအနားယူအပန်းဖြေစေနိုင်ဖို့ ရုပ်
ရှင်ရုံ နဲ့ ပန်းခြံများ၊ ကျန်းမာရေးနှင့်အားကစားအတွက် ဆေးရုံနဲ့ ဘောလုံးကွင်းတွေကို နေရာသတ်မှတ်ခဲ့ပါတယ်။

သာကေတမြို့သစ်ကို ၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှာ မြောက်ဥက္ကလာပမြို့နယ်ကို အိမ်ခြံမြေနေရာချထားပေးရာကနေ စတင်တည်ဆောက်ခဲ့ရာ မူလက မြို့သစ်ကို ဥက္ကလာမြို့သစ်လို့ အမည်ပေးထားခဲ့ပြီး တောင်ပိုင်း၊မြောက်ပိုင်း နှစ်ပိုင်းခွဲဖို့ မရည်ရွယ်ထားသော်လည်း ၁၉၅၇ ခုနှစ် ဧပြီလ ၁ရက်နေ့မှာ ရေကူးအသံလွှင်ရုံဖွင့်လှစ်လိုက်တာကြောင့် မြေနေရာက နှစ်ပိုင်းဖြစ်သွားပါတယ်။

ရပ်ကွက် ၁၊၂ တို့မှာ ရပ်ကွက်(က) ကနေ (ဋ)အထိ ဥက္ကလာပ မြောက်ပိုင်းနဲ့ရပ်ကွက်(၃)ကနေ (၁၆)အထိမှာ ဥက္ကလာတောင်ပိုင်း ဖြစ်လာပါတယ်။

မြို့သစ်တွေမှာ မြေကွက်တွေပေါ်လာပြီးနောက် မြူနီစီပယ်အဖွဲ့က လင်း(စ်)ဒေါင်းမှစတင်၍ ပုဇွန်တောင်၊ အလီမူလာ၊ ထင်းပုံဆိပ်၊ ကျီတော်၊ ပေတောကုန်း၊ စက်ဆန်း၊ အမဲဈေး၊ ပုသိမ်ညွန့်၊ တာမွေနတ် ချောင်းနဲ့အခြားမြို့နယ်တွေက “ကျူး”တွေကို ဖျက်သိမ်း၍ နေရာအစားပေးခဲ့ပါတယ်။

၁၉၈၉ ခုနှစ် နဝတ အစိုးရလက်ထက်မှာလည်း ရန်ကုန်မှာ လူဦးရေထူထပ်လာတာနဲ့အမျှ ကျူးကျော်ပြဿနာတွေနဲ့ပါ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

များပြားလာတဲ့လူဦးရေနဲ့ မြို့သစ်တည်ဆောက်ဖို့ နဝတ အစိုးရကစဥ်းစားခဲ့ကြရာ လှိုင်သာယာမြို့နယ်ကို ၁၉၈၉ ဇူလိုင်လ ၁၃ ရက်နေ့မှာ တည်ဆောက်ခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာ မရမ်းကုန်း စိန်ပန်းမြိုင် မီးဘေးသင့်အိမ်ထောင်စုတွေ စတင်ချထားပေးဖို့ စီစဥ်ရာကနေ မြို့သစ်တည်ခဲ့တာဖြစ်ပါတယ်။

ဒဂုံမြို့သစ်ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၈ရက်မှာ မြို့အဖြစ်တည်ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ် အောက်တိုဘာ ၄ရက်နေ့မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နဲ့မြောက်ပိုင်းမြို့နယ်ဆိုပြီး ခွဲခြားသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ထဲမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ဆိုပြီး ခွဲပြီးသတ်မှတ်ပေးခဲ့သလို ၁၉၉၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အား ထပ်မံ၍ ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုပြီး ထည့်မံသတ်မှတ်ခဲ့ပါတယ်။

အလားတူ ၁၉၈၉ ခုနှစ် ဇူလိုင် ၁၃ရက်မှာလည်း ၁၉၈၆ ခုနှစ်က အင်းစိန်လက်အောက်ခံအဖြစ် တည်ရှိခဲ့တဲ့ အုတ်ဖိုမြို့နယ်ကို ရွှေပြည်သာမြို့နယ်အဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ပါတယ်။

သီးခြားမြို့နယ်အဖြစ် အမည်သစ်ရွေးချယ်ကြရာ မင်္ဂလာရံသီဆရာတော်က အောင်ဇေယျမြို့၊ ရန်ကြီးအောင်ဆရာတော်က နဝရတ်မြို့၊အောင်ဆန်းတောရဆရာတော်က ရွှေပြည်သာမြို့ဟု အသီးသီးအမည်ပေးခဲ့ရာ အောင်ဆန်းဆရာတော်ရဲ့ နာမည်ကို အတည်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ကျူးကျော်နေထိုင်မှုပြဿနာဟာ နှင်ထုတ်ရုံ၊ဖမ်းဆီးတရားစွဲထောင်ချနေရုံနဲ့ ပြီးပြတ်သွားမယ့်ကိစ္စမဟုတ်ဘဲ အမှန်တကယ်နေထိုင်ဖို့လိုအပ်တဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ကို ရှေးအစဥ်အဆက် အစိုးရလုပ်ပုံနည်းလမ်းများအတုယူ၍ လုပ်ဆောင်သင့်တယ်လို့ အိုးအိမ်ဦး
စီးဌာနမှာ လုပ်ကိုင်ဖူးသူတဦးက အကြံပြုပြောဆိုပါတယ်။

ဦးဖိုးလေးတယောက်ကတော့ ငိုသံပါကြီးနဲ့ ” အမိန့်ထုတ်ထားတဲ့ ရက်မတိုင်ခင်ဖျက်မှ၊ မဖျက်လို့ ဖမ်းတာဆီးတာလုပ်ရင် ဘာမှမတက်နိူင်ဘူး၊ အိမ်ငှားခမတက်နိူင်လို့ ကျူးမှာနေတာလေ”လို့ ပြောရင်း ဖျက်ထားတဲ့
ဝါးတဲလေးကိုကြည့်ကာ ဖြုတ်ထားတဲ့ တာပေါ်လင်စကို ခေါက်နေပါတော့တယ်…..။

#voiceofmyanmar #VOM #ဆောင်းပါး #ရန်ကုန်မြို့ကကျောတခင်းစာပြဿနာ

Related posts

Leave a Comment

VOM News

FREE
VIEW