———————
ဆူးငှက်
၁၉၃၀ ဝန်းကျင် ယခုလို တစ်ဝါတွင်း၌ မန္တလေးသူလေးတွေ လှည်းယဉ်ကျော့စီးပြီး မန္တလေးတောင်သို့ ဘုရားဖူးလည်သည့်မြင်ကွင်းကို ဆရာမြို့မငြိမ်းက “တစ်ဝါတွင်း” သီချင်းတွင်
“လှည်းနောက်မြီးထက်၊ ခြေတွဲလောင်းလေးယှက်ပြီး သံသာသီတော့ပေ၊ တောင်ခြေ မဝေးတဝေး ဖွေးဖွေးတည်နေ၊ စေတီကျောင်းကနေပြာသာဒ်များနဲ့ ဘုရားဇရပ်တို့ ပျော်စရာပေ အပါးကပ်လို့မျှော်တာတွေ အလားနတ်တို့ပြေ” ဟု ရေးဖွဲ့ခဲ့သည်။
ထိုစဉ်က မန္တလေးသူလေးများသည် အခါကြီးရက်ကြီးရောက်လျှင်ဖြင့် အချင်းချင်း စုရုံးကာ အကြီးအကဲမိဘများကို ခွင့်ပန်ပြီး တန်ခိုးကြီး ဘုရားများသို့ တပျော်တပါး သွားရောက်ကြပေလိမ့်မည်။ သကျသီဟ၊ အိမ်တော်ရာ၊ ချမ်းသာကြီး၊ ချမ်းသာရ၊ ရှင်ပင်ပက်လက်၊ ရွှေကျီးမြင်၊ ရတနာမဉ်္ဇူ၊ ဆုတောင်းပြည့်၊ ဆုတောင်းရ … စသည်ဖြင့် ရှိမှာပေါ့ …။
ဆရာမြို့မငြိမ်းခေတ်က မန္တလေးသူတွေ မန္တလေးတောင်သို့ ဘုရားဖူးသွားကြတော့ လှည်းနောက်မြီးမှာ ခြေတွဲလောင်းလေး ယှက်ပြီး သီချင်းသံပြိုင်သီကြသတဲ့။ သူတို့စီးလာကြသော လှည်းယဉ်တန်းက ကျုံးနံဘေးလမ်းတစ်လျှောက် ခြူသံလေးတွေ တလွင်လွင်နှင့်မို့ နားဝင်အးလှသတဲ့။ ထိုခေတ် ထိုအချိန်က မန္တလေးတွင် ဘိုင်စကယ်ဟုခေါ်သည့် စက်ဘီးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေလောက်ပြီ။ သို့သော် ထိုစက်ဘီးများကို ယောကျ်ားဘသား ကျားကျားလျားလျားကြီးတွေကပဲ စီးကြမည်။
တကယ်တော့ အေဒီ ၁၇၉၀ ခုနှစ်တွင် ပြင်သစ်၌ သစ်သားတန်းကို ဘီးနှစ်ဘီးတပ်ပြီး ခြေနှင့်ကန် သွားသော စက်ဘီးလောင်းလေး ပေါ်ပြီးနောက် နောင်နှစ် ၅၀ နီးပါးအကြာ အေဒီ ၁၈၃၉ ရောက်မှ ခြေထောက်နှင့် နင်းသွားရသော စက်ဘီးကို စကော့လူမျိုးတစ်ယောက်က တီထွင်ချိန်တွင် မြန်မာကလည်း ကြေးသွန်းသံသွန်း အတတ်တွေ ကျွမ်းကျင်နိုင်နင်းနေပါပြီ။
၁၈၆၆ ခု၌ ပြင်သစ်ပြည်တွင် ပဲနိဖာသင် (ရှေ့ဘီးကနောက်ဘီးထက် ၄ ဆ ကြီးသော) စက်ဘီးတွေ လမ်းပေါ် တွင်ကျယ်စွာစီးနေချိန်၌ ရတနာပုံ မန္တလေးမြို့တော်ကြီးမှ အိမ်ရှေ့စံ ကနောင်မင်းသားက ပြင်သစ်၊ အီတလီနိုင်ငံများသို့ မြန်မာလူငယ်တွကို ပညာတော်သင်စေလွှတ်ကာ ကိုယ်ပိုင်လက်နက်စက်ရုံကအစ အခြား လူသုံးကုန်စက်ရုံများအထိ တည်ထောင်နိုင်ရန် ကြံရွယ်နေပေပြီ။
ကနောင် ကိုယ်တော်ကြီး စောစီးစွာ နတ်ရွာစံခဲ့ပေလို့၊ သို့မဟုတ်က ၁၈၈၅ ခုနှစ်တွင် ယခုခေတ် စက်ဘီးပုံစံကို အင်္ဂလန်၌ စီးပွားဖြစ်
စတင်ရာင်းချနေသောအခါ ရတနာပုံ မန္တလေးမှာလည်း စက်ဘီးစက်ရုံ ရောက်မလာပေဘူးဟု မည်သူပြောအံ့နည်း။ ထားပါတော့၊ စစ်ကြီးမတိုင်မီ မန္တလေးတွင် အင်္ဂလန်စက်ဘီးတွေ အသုံးပြုလာတာတော့ သေချာသည်။
မန္တလေးမြို့မျက်နှာဖုံး နာမည်ကျော်အနုပညာရှင် ရွာစားကြီးစိန်ဗေဒါက သူ့ဆင်တိုစက်ဘီးအသစ်ကြီးနှင့် မက်မက်မောမော ဓာတ်ပုံအရိုက်ခံခဲ့သည်။ အင်္ဂလိပ်ခေတ်မှာခတ်ဆန်သည့် မြန်မာမိန်းမပျိုလေးကလည်း ဆံထုံးထုံးကာ ရှန်ဟဲညွန့် ပိုးထည်လက်ရှည် အင်္ကျီဖားဖားနှင့်
ဇင်းမယ်လုံချည်ဝတ်ပြီး မိန်းမစီးစက်ဘီးပေါ်တက်ထိုင်၍ စတိုင် ထုတ်နေပြီ။ မြန်မာမိန်းမပျိုလေး စီးနေသော စက်ဘီးက မိန်းမစီးစက် ဘီးပုံချိုးထားသည်။ သည်တော့ အမျိုးသမီးများအတွက်လည်း
စက်ဘီးတွေ ဝင်နေပြီပေါ့။ သို့သော် ကျယ်ကျယ်ပြန့်ပြန့်တော့ စီးကြဟန် မတူသေး။ ယောကျ်ားစီး စက်ဘီးကိုတော့ တွင်တွင်ကျယ်ကျယ်စီးကြရောပေါ့။
အဘယ့်ကြောင့်ဆိုသော် မန္တလေး ၁၃၀၀ ပြည့် (၁၉၃၉)အရေးတော်ပုံတွင် ၂၆ ဘီလမ်းပေါ်၌ စက်ဘီးတွေ အတုံးအရုန်း လဲနေသည့် ဓာတ်ပုံ မှတ်တမ်းများလည်း ရှိသည်။ ထို့ပြင် အရေးတော်ပုံတွင် ကျဆုံးသည့်
အာဇာနည်များ ဈာပနပို့ဆောင်ပွဲ၌ မန္တလေးတွင် ထိုအချိန်က စတင်သုံးစွဲနေသော ဆိုက်ကားများကလည်း အုပ်နှင့်သင်းနှင့် လိုက်ပါပို့ဆောင်ကြသည့် မှတ်တမ်းဓာတ်ပုံများလည်းရှိသည်။ တကယ်တော့ ထိုစဉ်ကာလကတည်းက မန္တလေးတွင် စက်ဘီးများ တွင်ကျယ်စွာသုံးနေကြသည်။
မန္တလေးတွင် ဓာတ်ရထားများ၊ မြင်းရထားများ စသည်ဖြင့် သယ်ယူပို့ဆောင်ရေးတွင် အရှိန်ရနေပြီး၊ ဝံသာနုစိတ်ဓာတ်ဖြင့် ဆိုက်ကားများလည်း ဝင်းကြိုဝင်းကြား၊ လမ်းကြို လမ်းကြားမကျန် ဝင်ထွက်သယ်ပို့နေကြသော်လည်း စက်ဘီးက မန္တလေး အတိုင်းအတာနှင့် အလွန် တာသွား အရာရောက်လှ၏။
မန္တလေးတွင် စက်ဘီးနှင့်ပတ်သက်၍ ပြောစမှတ်တစ်ခုလည်း ရှိသည်။ မန္တလေးမြို့ပေါ်တွင် ဝင်းမြေ၊ တိုက်တာ အိမ်ခြံစသည်ဖြင့် များစွာ ပိုင်ဆိုင်ခဲ့သော ထိုမြေ၊ ထိုယာ၊ ထိုဝင်း၊ ထိုအိမ်များကို အများအတွက် ရွက်ပုန်းသီး လှူဒါန်းခဲ့သော ဦးကျော်လှသည် စတီးဘရားသား၌ ရုံးအုပ်စာရေးကြီး တာဝန်ထမ်းသောအခါ ရုံးရှိရာ ဂေါဝိန်ဆိပ်သို့ မြောက်ဘုံဘိုင်တန်းရှိ နေအိမ်မှ အသွားအပြန်ကို ရာလေး စက်ဘီးဖြင့် သွားသတဲ့၊ သူပိုင် ရာလေးစက်ဘီးက ကာကီစထူထူဖြင့် စက်ဘီးကုန်းကို ဖုံးအုပ်သည်။ ဘောင်များကိုလည်း ကာကီစနှင့် ပတ်ချုပ်ထား၏။
စက်ဘီးကိုရပ်လိုလျှင် ဘရိတ်အုပ်ပြီးမရပ် ၊ဘရိတ်ပွန်းမှာစိုး၍ ဖြည်းဖြည်းချင်း အရှိန်လျော့ပြီး စီးကာ ရပ်လိုသောနေရာရောက်မှ ခုန်ဆင်းသည်။ အိမ်ရောက်သည်နှင့် စက်ဘီးကိုဖုန်သုတ် လေလျှော့ပြီး တန်းမှာဆွဲထားသည်။ နောက်ရက်ရုံးသွားမှ တန်းကချ၊ လေထိုးစီးသတဲ့။ စက်ဘီးကို ဤမျှညှာတာ ၊ဤမျှယုယပြီး ရိုသေစွာကိုင်တွယ်ပုံကို မန္တလေးရှေးလူကြီးတွေ ပြောစမှတ်ပြုသည်။
စစ်ကြီးမတိုင်မီအထိတော့ မန္တလေးမှာ မန္တလေးသူတွေ စက်ဘီးကို တွင်တွင်ကျယ်ကျယ်စီးကြပုံ မပေါ်သေး။ထို့ကြောင့် ဝါတွင်းဝါကျွတ် ဘုရားကျောင်းကန်ကို မန္တလေးသူတွေစုပြီး လှည်းယာဉ်စီးကာ ဘုရားဖူးထွက်ကြပုံကို ဆရာမြို့မငြိမ်းက ရေးသားစပ်ဆိုခဲ့ခြင်းဖြစ်သည်။
xxxxxxxxx
နောက်တော့ မန္တလေးက စက်ဘီးမြို့တော်ကြီးဖြစ်သွားသည်။ အထူးသဖြင့် မိန်းကလေးများအနေနှင့် စက်ဘီးနှင့်က ပိုမိုခရီးရောက် ဣန္ဒြေရှိလာသည်။ ရှေးက မန္တလေးတွင် မိန်းကလေးများအနေနှင့် အရွယ်ရောက်သည်နှင့် ဆိုင်ရာ ဆိုင်ရာ နီးစပ်သူများထံ ဈေးသင်အပ်ကြသည်ကများသည်။ဈေးသည်အများစုက ဈေးချိုတော်ကြီးမှာမို့ ကိုယ့်အိမ်မှ ဈေးချိုခရီးကို စက်ဘီးနှင့် သွားကြသည်။ အလားတူ ကျောင်းသွား၊ ရုံးသွား၊ အလုပ်သွားကိစ္စတွက်လည်း စက်ဘီးများကို တွင်တွင် စီးကြသည်။
မန္တလေးမြို့ပြ ဖွဲ့စည်းမှုက ဆင်ခြေဖုံးမှသည် ဈေး ၊ ကျောင်း၊ ရုံး၊ အလုပ်ရုံ၊ ဆေးလိပ်ခံ စသော နေရာများက အဝေးဆုံး ၃မိုင်၊၄မိုင် သာသာမို့ စက်ဘီးက အရာရောက်သည်။
မန္တလေးကား ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်ပိုင်း စက်ဘီးနှင့် အတော်ယဉ်ပါးကာ သုံးစွဲမှုပမာဏ တစ်နှစ်ပြီးတစ်နှစ် ပိုမိုကြီးထွားလာခဲ့သည်။ စက်ဘီးတစ်စီးပေါ် ရှေ့ဘောင်တန်း၌ တစ်ယောက်တင်၊ နောက်ကယ်ရီယာပေါ် ကလေးပွေ့ချီထားသော မိခင်တစ်ဦးကို တင်ဆောင်ကာ ၄ယောက်စီးနင်းသွားတာလည်း မဆန်းတော့ …၊ ထို့အတူ စက်ဘီးကို ထီးဆောင်း၍လည်း ကျွမ်းကျင်စွာ စီးနင်းသည်။ ခေါက်ထီးပေါ်သော ခေတ်၌ မန္တလေးသူလေးက ကျော့ကျော့ရှင်းရှင်း စက်ဘီးစီးမပျက်နှင့် ခေါက်ထီးဖွင့်၊ ခေါက်ထီးပိတ်ခဲ့သည်။
စက်ဘီးပေါ်တက်သည်နှင့် လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကို ကိုင်ကာ လက်တစ်ဖက်က ထဘီနားစကို ထိန်းသိမ်းပြီးမှ စက်ဘီးပေါ် ကျွမ်းကျင်စွာ တက်နိုင်သည်။ စက်ဘီးပေါ်ရောက်တော့ လက်ကိုင်နှစ်ဖက်ကို လက်ဖနောင့်နှင့်ဖိပြီး လက်မောင်းကို ဆန့်တန်းကာ ခါးကိုဆန့်ဆန့်ကလေးနှင့် ဒူးကိုစေ့ပြီး လှပသော ကိုယ်ဟန်နေထားနှင့် နင်းနိုင်သည်။
xxxxxxxxx
“ဘီးကလေးကိုစီး ..
အချစ်အလေးကိုတင်ပြီး
ကိုယ်သွားရတာလေ ..
အင်မတန်ပျော် ..
စကြဝဠာအဆုံးထိနင်းရမလား…”တဲ့။
အခုလည်း မန္တလေးက မိသားစုတွေ စက်ဘီးပြန်စီးကြဖို့ ခေါင်းချင်းဆိုင် စဉ်းစားကြရပြီ။ ဒီဓာတ်ဆီဈေးနဲ့..။
#voiceofmyanmar #VOM #ဆောင်းပါး #ဆူးငှက် #စက်ဘီးဆီကြစို့