ကျောက်မဲမြို့မှာ တိုက်ပွဲ ရှောင်တိမ်းလာသူ ၂၀၀၀ ကျော်ရှိ

နိုဝင်ဘာ ၆၊ ၂၀၂၁
Shy V (VOM)
 
ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် တွေဖြစ်ကြတဲ့ RCSS နဲ့ TNLA, SSPP ပူးပေါင်းတပ် တို့အကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့ထဲကို နိဝင်ဘာ၅ ရက်နေ့က ရွာ ၆ ရွာက တိုက်ပွဲရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံ ရှောင်တိမ်း လာကြောင်း ကူညီပေးနေတဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
 
“အခု စစ်ရှောင်တွေ လာတဲ့ နေရာတွေမှာလည်း စစ်ဖြစ်နေတာ ကြာပြီ။ အဲဒီ နေရာတွေမှာ ထိုင်တာက RCSS တွေထိုင်တာ။ TNLA နဲ့ မဟာမိတ်အဖွဲ့က စစ်ဆင်လာလို့ အဲဒီနားကို ကပ်လာတဲ့ အတွက် သူတို့ အဲဒီ ရွာသူရွာသားတွေကို ရှောင်ခိုင်းလိုက်တာ။ လွန်ခဲ့တဲ့ ၂ လလောက် ကတည်းက ရှောင်တဲ့ လူတွေလည်း မပြန်နိုင်သေးဘူး။ အခုက နေရာသစ်မှာ ထပ်ဖြစ်လာတာပေါ့။” လို့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောပါတယ်။
 
နိုဝင်ဘာလ ၄ ရက်နေ့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုမှာ လူဦးရေ ၅၀၀ ခန့် ရှောင်လာခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာလည်း လူမှုကူညီရေးအသင်းတွေက နှစ်ကျော့ သွားရောက်ကူညီ သယ်ဆောင်ခဲ့တယ် လို့ သူက ပြောပါတယ်။
 
ကြိမ်ကိုင်ရွာက အိမ်ထောင်စု ၆၃ စု၊ အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၁၂၆ ဦး၊ မြိုင်းဆိုင်းရွာက အိမ်ထောင်စု ၈၃ စု၊ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၂၃၇ ဦး၊ တွန်ဟိတ်ရွာက အိမ်ထောင်စု ၈၅ စု၊ အမျိုးသား ၁၈၀၊ အမျိုးသမီး ၂၃၇၊ ဟူးဆွန်ရွာက အိမ်ထောင်စု ၁၆၁၊ အမျိုးသား ၄၆၄၊ အမျိုးသမီး ၈၄၀ ရှိပြီး စုစုပေါင်း အိမ်ထောင်စု ၃၉၂ စု အမျိုးသား ၈၅၀၊ အမျိုးသမီး ၁၄၄၀၊ စုစုပေါင်း လူဦးရေ ၂၂၉၀ ဦး ရှိကာ ပုင်းနွဲ့ရွာနဲ့ ပုင်းလုံရွာက စာရင်း မပါသေးဘူး လို့ဆိုပါတယ်။
 
နှစ်ဖက် စစ်ရေးတင်းမာမှုကြောင့်နောက်ဆက်တွဲ မကြာခဏ တိုက်ပွဲဖြစ်တာတွေ မကြာခဏ စစ်ရှောင်ရတာ‌ငြိမ်ပြီဆိုရင်တောင် မိုင်းတွေ နင်းမိကြတာတွေ တောင်ယာလုပ်ငန်း‌၊ စီးပွားလုပ်ငန်းတွေလည်း စစ်ရေးကြောင့် လုံခြုံရေး အကြောင်းပြပြီးတော့ ပိတ်ဆို့တားဆီးတာတွေ ဖြစ်လာမှာကြောင့် ငြိမ်းချမ်းစေချင်ပြီဖြစ်ပြီး ညှိနှိုင်းစေလိုကြောင်း အကူအညီပေးနေသူ ၁ ဦးက ပြောပါတယ်။
 
“ဒီ ဟာကြီးကို ပြီးသွားစေချင်တာပေါ့။ ဒါမှ နယ်ခံတွေ သက်သာမှာပေါ့။ နှစ်ဖက် ဖြစ်နေတဲ့ စစ်ရေးကိစ္စကတော့ မဝေဖန်လိုဘူး။ မပြတ်မသားဖြစ်နေမယ် ဆိုရင် မကောင်းဘူး။ ငြိမ်းချမ်းရေးရသွားရင်ကောင်းတာပေါ့။” လို့ သူကပြောပါတယ်။
 
ဇွန်လက စတင်ကာ ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းအချင်းဖြစ်တဲ့ RCSS နဲ့ TNLA, SSPP ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #vom #VOM #ကျောက်မဲစစ်ရှောင်
 
Photo Crd# ဇီဝိတ လူမှုကူညီရေးအရေး

Related posts

Leave a Comment

VOM News

FREE
VIEW