IMFရဲ့ထောက်ပံ့ငွေ ဒေါ်လာ သန်း ၃၀၀ကျော်ကိစ္စ

နိုဝင်ဘာ ၆-၂၀၂၁
KT+GH ( VOM)
 
IMFရဲ့ပြောခွင့်ရသူ ဂျယ်ရီရိုက်စ်ဟာ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၇၂ သန်းဟာ လက်ရှိ နစက လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ နိုဝင်ဘာ ၃ရက်က ပြောဆိုခဲ့ပါတယ်။
 
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတာက ” ဒီဟာက မြန်မာနိုင်ငံကို အထောက်အပံ့ပေးလိုက်တဲ့အရာလို့ ရေးသားနေတာတွေ့တယ်၊ ပထမဦးဆုံးပြောကြားလိုတာက ချေးငွေပြန်ဆပ်ရမယ့်ငွေတွေပဲဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၇၂.၃၉၁ သန်းကို ၂၈-၁-၂၀၂၁ ရက်နေ့မှာ ဗဟိုဘဏ်ရဲ့အမေရိကန်ဒေါ်လာစာရင်းမှာ လက်ခံပြီးတော့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ကျပ် ၄၉၅,၅၀ ဘီလီယံကို ၂၉-၁-၂၀၂၁ ရက်နေ့မှာပဲ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံတော်စာရင်းကို ထည့်သွင်းထားပါတယ်။ အစိုးရ တစ်ရပ်အနေနဲ့က တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မလေ့လာဘဲနဲ့ ထုတ်ပြန်တာတွေ သိရက်သားနဲ့ မသိကျိုးကျွံပြုပြီး ထုတ်ပြန်တာတွေ ၊သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းခြင်းမရှိဘဲနဲ့ ထုတ်ပြန်တာတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းစဉ်တွေမှာ တမင်သက်သက် အနှောင့်အယှက်ဖြစ်အောင် နိုင်ငံတကာအနေနဲ့ တမင်သက်သက် အထင်လွဲအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့မြင်ပါတယ်။ ” လို့ ပြောပါတယ်။
 
IMF ပြောခွင့်ရသူ ဂျယ်ရီရိုက်စ်ကတော့ အမေရိကန်ဒေါ်လာ ၃၇၂ သန်း မြန်မာပြည်ကို ပေးပို့ခဲ့တာဟာ ၈ လကြာရှိနေပေမယ့် နစကဘက်က ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေးနဲ့ ဒုက္ခရောက်နေသူတွေကို ပံ့ပိုးကူညီရေး မူလရည်မှန်းချက်အတိုင်း အမှန်တကယ် သုံးစွဲနေသလားဆိုတာ မသိရှိရဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြာထားပါတယ်။
 
အဲဒီငွေတွေနဲ့ပတ်သက်ပြီး အရင်အစိုးရက မြန်မာကျပ်ငွေ သန်း ၁ဝဝ ထက် ပိုများတဲ့ ကန်ထရိုက်လုပ်ငန်းမှန်သမျှကို ထုတ်ဖော်အသိပေးဖို့ သဘောတူညီခဲ့တဲ့အပြင် မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံးကလည်း ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး သုံးလ တကြိမ် အစီရင်ခံစာ ထုတ်ပြန် အသိပေးဖို့ သဘောတူခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
 
ဒါပေမယ့် အရင်အစိုးရထုတ်ပြန်ခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်အစီအရင်ခံစာက နောက်ဆုံးရရှိခြင်းဖြစ်ပြီး နစကလက်ထက်မှာ အစီရင်ခံစာထုတ်ပြန်တာမရှိဘူးလို့ ပြောပါတယ်။
 
ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို IMFက ပြီးခဲ့တဲ့ ၂ဝ၂ဝ ခုနှစ် ဇွန်လမှာ အမေရိကန်ဒေါ်လာ ၃၅၆ သန်း ကို ပထမအကြိမ် ပေးပို့ခဲ့သေးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
 
IMF ရဲ့ချေးငွေနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ COVID-I9 Economic Relief Plan (CERP) အတွက် ကျပ်သန်း ၁ဝဝ နှင့်အထက်ဝယ်ယူရေးဆိုင်ရာ သတင်းအချက်အလက်တွေကို (၄)ကြိမ်၊ ကိုဗစ်-၁၉ နဲ့ဆက်စပ်တဲ့အသုံးစရိတ်တွေကို (၃)ကြိမ်နဲ့ အစိုးရဌာန၊ အဖွဲ့အစည်း များရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး၊ ကုစားရေးတို့နဲ့ဆက်စပ်တဲ့အသုံးစရိတ် တွေကို အသုံးစရိတ်တွေ၊ လုပ်ငန်းစဉ်များနဲ့စပ်လျဉ်းတဲ့စစ်ဆေးတွေ့ရှိချက်တွေကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန Websiteမှာထုတ်ပြန်ထားတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
 
နောက်ထပ်လည်း စတုတ္ထအကြိမ်ထုတ်ပြန်မှုကို ဒီလအတွင်း ထုတ်ပြန်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
 
#voiceofmyanmar #VOM #IMF #ဒေါ်လာသန်း၃၀၀ကျော်ကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW