မန္တလေးနှင့် ဓာတ်ရှင်ရုံ

ဆူးငှက်

ကျွန်တော်သည် ငယ်စဉ်က ဆိုင်းတန်းနေပြည်တော် အသံထွက်ဓာတ်ရှင်ရုံကြီးတွင် ရုပ်ရှင်ကြည့်ရသည့် အဖြစ်အပျက်အား သတိရလွမ်းဆွတ်နေသည်။

ထိုစဉ်က မန္တလေးတွင် ရုပ်ရှင်ရုံ(၉)ရုံရှိသည်။ လက်ဆည်ကန်က ဝင်းလိုက်ရုံ၊ သံလမ်းက တော်ဝင်ရုံ၊ တရုတ်တန်းက ရွှေနဂါးရုံ၊
ကျုံးထောင့်က မစိုးရိမ်ရုံ၊ ၈၁ လမ်းရေစင်ကြီးနားက မြို့မရုံ၊ ၈၃
လမ်း နေသူရိန်ဝင်းမြောက်ပေါက်က မြို့ဂုဏ်ရောင်ရုံ၊ ညောင်ပင်ဈေးက မျိုးမြင့်ရုံ၊ ဆိုင်တန်းက နေပြည်တော်ရုံ၊ ဒေးဝန်းက ရတနာပုံရုံတို့ဖြစ်၏။

ထိုရုံများအနက် ဝင်းလိုက်က အကောင်းဆုံး အခမ်းနားဆုံးဖြစ်သည်။ ရုံကသန့်ရှင်းသည်။ တည်ဆောက်ပုံကောင်းသည်။ ကျယ်ဝန်းသည်။ နိုင်ငံခြားဇာတ်ကား အများဆုံးပြသ၏။ မြို့လယ်ရုံများဖြစ်သောတော်ဝင်၊ ရွှေနဂါး၊ မြို့ဂုဏ်ရောင်၊ မြို့မတို့လည်း မဆိုးလှ။ မစိုးရိမ်ကလည်း တစ်ခါတစ်ရံ နိုင်ငံခြားကားများပြသ၏။ ရုံအနေအထားက ကျယ်ဝန်းသည်။ မျိုးမြင့်၊ ဆိုင်းတန်း၊ ရတနာပုံတို့ကား မြို့ပတ်ရုံများဖြစ်၏။

ထိုစဉ်က ရုပ်ရှင်ရုံများ၏ တန်းတူအရည်အချင်းတစ်ခုမှာ ပိုးသတ်ဆေးစော်နံခြင်းနှင့် ကြမ်းပိုးကိုက်ခြင်းတို့ဖြစ်သည်။ ဝင်းလိုက်ကတော့ အတော်အတန် သန့်ရှင်းပါ၏။

သို့သော် ထိုစဉ်က မန္တလေးလူဦးရေနှင့် ထို(၉) ရုံဆိုသောအရေအတွက်မှာနေ့စဉ် (၄) ပွဲစလုံးလူစည်ကားနေသည်။ မြန်မာကားများဆိုလျှင်
ခါးတောင်းကျိုက်၍ တိုးပေ၊ခွ့ပေတော့ …။ လူတစ်ကိုယ်စာဝင်သာရုံ ၁၅ပခန့်ရှည်သည့် သစ်သားလှောင်အိမ်အပေါက်ဝကိုဝင်ခွင့်ရရန် တကျိတ်တခဲတိုးကြရသည်။ သက်ဆိုင်ရာလုံခြုံရေးကလည်း ကြိမ်ဖြင့် တဖြန်းဖြန်းရိုက် …၊ ရုံထဲရောက်တော့ လူတစ်ကိုယ်လုံးချွေးသံတရွှဲရွှဲနှင့် စုတ်ပြတ်သတ် …။ စနစ်တကျ တန်းစီဝင်စေသော လုံခြုံရေးအစောင့်အကြပ်များစွာနှင့် ရုပ်ရှင်ရုံမှာတော့ တန်းစီလူတန်းကြီးက တစ်ခါတစ်ရံပြပေါက်နီးပါးရှည်လျားသည်။

ရုပ်ရှင်ကြည့်ပြီး ပြန်လာပြန်လျှင်လည်း ထိုဇာတ်ကားအကြောင်း တစ်ပတ်နီးပါး ပြောမဆုံးတော့ …။ မြို့ပတ်ရုံများဖြစ်သည့် မျိုးမြင့်လို၊ နေပြည်တော်လို၊ ရတနာပုံလိုရုံများ၌ ကလေးကငို သေးကစို၊ တနံနံ တစော်စော်ဖြစ်သော်လည်း တိုးဝှေ့ကာ တကျိတ်တခဲ အားပေးကြရသည်။

တကယ်တော့ ဤရွေ့ ဤမျှ ဒုက္ခအဆင်းရဲခံ၍ ကြည့်ကြရခြင်းကားထိုစဉ်က ရုပ်ရှင်ဇာတ်ကားများကလည်း စပယ်ရှယ်ကောင်းလှသကိုး။ ယခင်က မန္တလေးတွင် အယ်လ်ဖင်စတုန်း ရုပ်ရှင်ရုံက ကနဦးအစဖြစ်ပေမည်။ ထိုရုပ်ရှင်ရုံက ယခု ၂၆ ဘီလမ်း (အာဇာနည်လမ်း)ဘက် မျက်နှာမူထားသည်။

အော်တိုတယ်လီဖုန်းရုံး (ယခင်ကြေးနန်းရုံ) တောင်ပေါက်နှင့် ဓားလွယ်ခုတ်လောက် နေရာမှာပေါ့။ ယခုအခါ ဈေးဝယ်စင်တာအသစ်အဖြစ် တည်ဆောက်ထားသော မစိုးရိမ်ရုံနေရာက ယခင်ရှိဖူးသည့် ရုပ်ရှင်ရုံမှာ “သီပေါ” ရုံဟုဆိုသည်။ ဇာတ်ပွဲများ၊ ကပွဲများလည်း ရုံသွင်းကပြခဲ့ကြသည်ဆို၏။

အယ်လ်ဖင်စတုန်း ရုံပျက်ပြီးသောအခါ နောက်ကျောရှိရွှေတိုက်ဝန်မင်းနေထိုင်ရာဝင်းအတွင်း ရွှေတိုက်ရုံဟူ၍ ရုပ်ရှင်လည်းပြ၊ ဇာတ်ပွဲ၊ ဆပ်ကပ်ပွဲများလည်း ရုံသွင်းသော ရုံတစ်ရုံရှိခဲ့သည်။ ၁၉၆ဝကျာ်ဝန်းကျင်က ရုပ်ရှင်ပြသနေစဉ် ပြိုကျပျက်စီးသွားခဲ့သည်။

ပုလဲငွေရောင်ရပ် ၈၃လမ်းနှင့် ၈၆ လမ်းကြား၊ ၂၁ လမ်းနှင့် ၂၂
လမ်းကြား တောင်ငူမင်းသားဝင်းတွင်လည်း ရုပ်ရှင်တစ်ရုံရှိခဲ့ဖူးသည်။
ပုလဲစီနီမာဟုခေါ်တွင်ကြောင်းသိရသည်။ ၁၉၆ဝခန့်က ဖျက်သိမ်းခဲ့သည်ဆို၏။

အလားတူ ၈၄ လမ်း ကွမ်းခြံရပ်တွင် ” အောင်စီနီမာ” ဟူသော
ရုပ်ရှင်ရုံတစ်ရုံလည်းရှိခဲ့ဖူးသည်။ ဖျက်သိမ်းခဲ့သည်မှာ ကြာပေပြီ။

ယခု မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံက ယခင် ” မြန်မာညွန့်” ရုပ်ရှင်ရုံဟု အမည်တွင်ခဲ့သည်။ မြန်မာညွန့်ကလည်း မီးလောင်ပြီးနောက်ပိုင်း မြို့ဂုဏ်ရောင်ဖြစ်ခဲ့သည်ဆို၏။ မြို့ဂုဏ်ရောင် ကလည်း ၁၉၈၄ မီးကြီးတွင် ပါသွားခဲ့သည်။

မြို့မရုပ်ရှင်ရုံကို ယခင်က “ပါရမောင့်ရုံ” ဟုခေါ်ခဲ့ကြ၏။ ယခင်က အိန္ဒိယဇာတ်ကားများ အပြများခဲ့သည်။ ၁၉၈၄ ခုနှစ် မီးကြီးတွင်လာင်ကျွမ်းခံရကာ ယခုအခါ မန္တလေး၏ ပထမဆုံး အဆင်မြင့်ရုပ်ရှင်ရုံသစ်ကြီးဖြစ်ခဲ့သည်။

ရွှေနဂါးရုပ်ရှင်ရုံသည် ယခင်ကတည်းက မူလထုံးစံအတိုင်းရှိခဲ့ပြီး ၁၉၈ဝ ဝန်းကျင်က လေနီကြမ်းဒဏ်ဖြင့် အမိုးများလန်ကာ ပျက်စီးခဲ့ဖူးသည်။ လွန်ခဲ့သောဆယ်နှစ်နီးပါးက ရုပ်ရှင်ရုံအဖြစ်မှ ယခုအခါ စူပါမတ်ကက်နှင့် ကွန်ဒိုကြီးဖြစ်သွားသည်။

မျိုးမြင့်ရုပ်ရှင်ရုံမှာလည်း ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှ ကိုယ်ပွားသတင်းစာတိုက်ဖြစ်နေပြီ။ ဆိုင်းတန်းရပ်ရှိ ဆိုင်းတန်းနေပြည်တော်ရုပ်ရှင်ရုံကို သက္ကရာဇ် ၁၃၁၈ ခု ပြာသိုလပြည့်ကျော် (၄) ရက် (၅) ရက် (၆) ရက်နေ့များတွင် မန္တလေးစာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော ဂင်္ဂါမာလရေသည်ပြဇာတ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်ကမီးဘေးသင့်ခဲ့ပြီးယခုအခါ အဆင့်မြင့် ရုပ်ရှင်ရုံကြီး အဖြစ် မြန်မာရုပ်ရှင်ကားများပြသလျက်ရှိသည်။

တော်ဝင်ရုပ်ရှင်ရုံမှာ ယခင်က မြန်မာကားသစ်များပြသခဲ့ပြီး ယခုအခါ
ဖျက်သိမ်းပြီးပြီဖြစ်သည်။ အနောက်ပြင်ရှိ ရတနာပုံ ရုပ်ရှင်ရုံမှာလည်းယခုအခါ ပိတ်သိမ်းထားသည်မှာကြာပေပြီ။ မြို့လယ်ရှိ ဝင်းလိုက် ရုပ်ရှင်ရုံမှာကား ၁၉၄၈ ခုနှစ်တွင် ဝင်းမင်းဝင်းကုမ္ပဏီမှတည်ထောင်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတွင် ရုပ်ရှင်ရုံကြီးများ အပြောင်းအလဲနှင့်အတူ ရှေးယခင်ကတည်းက စွဲစွဲမြဲမြဲသုံးစွဲခဲ့သော “ဓာတ်ရှင်ရုံ”၊ “ဓာတ်ရှင်” ဟူသောအသုံးအနှုန်းလည်း ပျောက်သလောက်ဖြစ်သွားခဲ့၏။

ဘာသာသာသနာအပေါ် ကိုင်းရှိုင်း အလေးထားလွန်းသောမြို့မို့
“မဟာမုနိရုပ်ရှင်တော်မြတ်”ဟူသောဘွဲ့တော်ကြောင့် ရုပ်ရှင်ဟူသော စကားလုံးကို “မဟာမုနိ”ကိုယ်တော်ကြီးနှင့်တန်းတူထား၍ သုံးနှုန်းရန် မဝံ့ရဲကြ။ထို့ကြောင့် “cinema” ကို ရုပ်ရှင်ဟုမသုံးနှုန်းဘဲ “ဓာတ်ရှင်”ဟု မြန်မာဆန်စွာခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။

#voiceofmyanmar #VOM #ဆူးငှက် #မန္တလေးနှင့်ဓာတ်ရှင်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW