သီပေါမြို့ပေါ်က တိုက်ပွဲရှောင် ပြည်သူ ၄၀၀ ကျော် နေရပ်နဲ့နီးရာကို ပြန်

နိုဝင်ဘာ ၁၅-၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ အောင်မင်္ဂလာ ဘိုးတော်ကျောင်းမှာ ယာယီရှောင်တိမ်းလာခဲ့ကြတဲ့ တိုက်ပွဲရှောင် ပြည်သူ ၄၀၀ ကျော်ဟာ မနေ့ နိုဝင်ဘာ ၁၄ ရက်နေ့က နေရပ်နဲ့နီးရာကိုပြန်သွားခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။
 
ဆွန်လုံ၊ ဟာလျံ၊ ချောင်းဆုံ စတဲ့ ရွာတွေက ပြည်သူတွေဖြစ်ကြပြီး ပရဟိတအသင်းတခုက နေရပ်ပြန် ပြည်သူတွေကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ အဲ့ဒီလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
 
အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ချောင်းဆုံ တရွာလုံးကတော့ ရွာထဲထိ ပြန်လို့မရဘဲ ဆွန်လုံ၊ ဟာလျံတို့မှာ ထပ်ရှောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
 
” ချောင်းဆုံအုပ်စုက ရွာထိ မပြန်နိုင်သေးဘူး။ သူတို့အရင်နေတဲ့ စခန်း အဲဒီ ဆွန်လုံအုပ်စုမှာပဲ ပြန်ပြီးတော့ စုနေကြတာရှင့်။” လို့ SNLD က တာဝန်ရှိသူ ၁ ဦးကပြောပါတယ်။
 
ရွာတွေကို ပစ်မထားချင်လို့ အခြေအနေနည်းနည်းငြိမ်တာနဲ့ ပြန်လာကြပေမယ့် လယ်ယာ၊ခြံတွေမှာ မိုင်းအန္တရာယ်ကြောင့်နဲ့ စစ်ရေး အခြေအနေ တင်းမာနေမှုကြောင့် အလုပ်လုပ်လို့မရဘဲ စားသောက်ရေး ခက်ခဲကာ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
 
“ဆွန်လုံ အုပ်စု တစုလုံးက ခက်ခဲတယ်။ သူတို့က စားနပ်ရိက္ခာလည်း ဖူလုံမှု မရှိဘူး။ ပြီးရင် သူတို့က သွားလမ်းလာလမ်းခက်ခဲတဲ့ဒေသ ဖြစ်တယ်ရှင့်။ သူတို့အတွက်တော့ ဆက်ပြီးထောက်ပံ့ဖို့ အကူအညီ လိုအုံးမှာ” လို့ လက်ရှ်အကူအညီ ပေးနေသူတဦးက ပြောပါတယ်။
 
သီပေါမြို့နယ် ဆွန်လုံ၊ ဟာလျံ၊ ချောင်းဆုံ ရွာဘက်‌တွေမှာ RCSS နဲ့ TNLA, SSPP ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အဲဒီဘက်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းကို ယာယီ ရှောင်တိမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။
 
သီပေါ၊ ကျောက်မဲ၊ နမ္မတူ စတဲ့ မြို့နယ်တွေထဲက အချို့နေရာတွေမှာ RCSS နဲ့ TNLA, SSPP ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ လနဲ့ချီ ကြာနေတာဖြစ်ပြီး တိုက်ပွဲရှောင်နေရဆဲ ပြည်သူတွေ ထောင်နဲ့ချီ ရှိနေပြီး မကြာခဏ ထွက်ပြေးရှောင်တိမ်းကာ နေရပ် ပြန်လာသူတွေလည်း ရှိနေပါတယ်။
 
Photo -နန်းမွမ်းမွမ်းပေါင်း
#voiceofmyanmar #VOM #သီပေ#စစ်ရှောင်ပြည်သူ #နေရပ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW