မြန်မာပလာဇာမှာ ဆန္ဒပြလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ယာယီပိတ်သိမ်းတဲ့ ဆိုင်ခန်း ၃၀ ကျော်ရှိလာ

ရန်ကုန်၊နိုဝင်ဘာ ၂၆၊၂၀၂၁
KK(VOM)
 
ရန်ကုန်က မြန်မာပလာဇာမှာ မနေ့နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ပလာဇာအတွင်းဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေယာယီပိတ်သိမ်းနေကြပါတယ်။
 
အမည်မဖော်လိုတဲ့ဆိုင်ခန်းပိုင်ရှင်တဦးက “ဆန္ဒမပြရဘူးဆိုလည်းခလေးတွေကို အေးဆေးပြောပြလေ သားသမီးချင်းကိုယ်ချင်းမစာရိုက်နှက်ပြီးဖမ်းတာ အစ်မတို့ကတော့ ပလာဇာက ဆိုင်ကို ယာယီပိတ်ထားတယ် ဘယ်လောက်ကြာမယ်ဆိုတာ ပြောပြလို့မရဘူး”လို့ VOM ကို ပြောပါတယ်။
 
မနေ့ ညနေပိုင်းက လူငယ်တွေက မြန်မာပလာဇာမှာ သပိတ်ပြုလုပ်နေချိန်မှာ ဆန္ဒပြလူငယ် ၂ ယောက်ကို ပလာဇာလုံခြုံ ရေးဝန်ထမ်းတွေက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိပြီးနောက်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အငှားယာဥ်မောင်းတဦးက
ပြောပါတယ်။
 
“မိန်းခလေးတစ်ယောက်ဆို မျက်ခုံးတွေရော လက်တွေရော ဒူးတွေမှာရော ထိတယ် မိန်းခလေးကိုတော့ အဲ့လောက်ထိလုပ်ဖို့မသင့်ပါ
ဘူး”လို့ သူရဲ့အမြင်ကိုပြောပါတယ်။
 
ရန်ကုန်က တက္ကစီဆရာအများစုကလည်း မြန်မာပလာဇာကို ငှားရမ်းတဲ့ ခရီးစဉ်မှန်သမျှ လိုက်ပါ ပို့ဆောင်မည်မဟုတ်ကြောင်း အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာ စတင်ကြေညာခဲ့ပါတယ်။
 
မြန်မာပလာဇာက လုံခြုံရေးဝန်ထမ်းတွေ ဆန္ဒပြလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်နဲ့ပါတ်သတ်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ
မြန်မာပလာဇာကို သပိတ်မှောက်ပြီး မလာရောက်ကြဖို့ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။
 
လူမှုကွန်ရက်စာမျက်နှာမှာ သတင်းများပျံနှံ့ခဲ့ပြီးနောက် ညပိုင်းမှာ မြန်မာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်း ၃၀ ထက်မနည်း ဆိုင်ခန်းများ ယာယီပိတ်သိမ်းထားမှာဖြစ်တယ်လို့ ၎င်းတို့ရဲ့လုပ်ငန်း လူမှုကွန်ရက်စာမျက်နှာအသီးသီးကနေ တရားဝင် ထုတ်ပြန်ကြေညာခဲ့
ပါတယ်။
 
မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့က ဆန္ဒပြလူငယ် ၂ ယောက်ကို လုံခြုံရေးဝန်ထမ်းတွေက ထိုးကြိတ်ဖမ်းဆီးခဲ့ကြတဲ့ ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး တာဝန်ရှိသူတွေကို ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တာဝန်ခံမှုတွေကို တိုးမြှင့်သွားမယ် ထုတ်ပြန်ခဲ့ပါတယ်။
 
မြန်မာပလာဇာကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အကြီးဆုံး ဈေးဝယ်စင်တာတခုအနေနဲ့ လူသိများပါတယ်။
 
#voiceofmyanmar #VOM #မြန်မာပလာဇာ

Related posts

Leave a Comment

VOM News

FREE
VIEW