မတ် ၁၉-၂၀၂၂
KK(VOM)
ရန်ကုန်တိုင်းက ခရိုင်လေးခုမှာ လျှပ်စစ်မီးကို တစ်ရက်လျှင် လေးနာရီကြားတစ်ခါပဲ မီးအလှည့်ကျပေးတော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်က ခရိုင်လေးခုကို ခရိုင်အလိုက် အုပ်စုနှစ်
ခုခွဲပြီး မနေ့ မတ်လ ၁၈ ရက်နေ့ကစတင်ကာ ၄ နာရီခြား တစ်ခါ အလှည့်ကျစနစ် ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြောက်ပိုင်းခရိုင်ထဲမှာ ပါဝင်တဲ့ လှိုင်သာယာမြို့နယ်နေသူတဦးက “မနက်က ပျက်ရင် ညနေမှလာတယ်၊ တစ်ခါတစ်လေ လာတယ် ပြန်ပျက်သွားတယ်”လို့ ပြောပါတယ်။
အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်နေသူတဦးက”ငမိုးရိပ် စံပြဘက် အရမ်းမီးပျက်တယ်၊ တောရုံဆိုမပြောပါဘူး သူများတွေလို ၄နာရီမလာဘူး မနက် ၁၀ နာရီကနေ ညအထိ တစ်ညလုံးမလာဘူး၊ လာတော့လည်း မိနစ်လောက်ပဲ လာပေးပြီး ပြန်ပျက် ၊ သူများတွေ မေးကြည့်တော့ ပျက်တော့ ပျက်ကြတယ် ဒါပေမယ့် ကိုယ်တွေလောက် မပျက်ဘူး”လို့ ပြောပါတယ်။
အုပ်စု၂ခု ခွဲပြီး ၄ နာရီခြားတစ်ခါ အလှည့်ကျစနစ် ပေးသွားမှာဖြစ်ပြီး စက်မှုဇုန်တွေကိုတော့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ မီးပေးထားတယ်လို့ သိရပါတယ်။
အလှည့်ကျမီးပေးစနစ်လို့ပြောပေမယ့် လက်တလော အခြေအနေထိ စက်မှုဇုန်တွေလည်း မီးအချိန်ကြာ ပြတ်တောက်မှုတွေရှိနေတယ်လို့ ရွှေပေါက်ကံစက်မှုဇုန်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းကို ခရိုင်လေးခု မြို့နယ် ၄၅ မြို့နယ် မြို့ ၂၀ ရပ်ကွက် ၇၄၃ နဲ့ ကျေးရွာအုပ်စု ၆၁၉ စု နဲ့ ကျေးရွာ ၂၁၆၁ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန် #အလှည့်ကျမီးပေးမယ်