ဘယာဘေးတို့ ကင်းဝေးအောင် သွန်းဖြိုးပါလေမိုး

ဆူးငှက်

သည်နှစ် လောလောဆယ် မိုးခေါင်နေသေးသည်။ ကိုဗစ်နှိပ်စက်လို့ ရင်တွင်းအပူတွေတငွေ့ငွေ့ ကြိမ်မီးအုံးဆဲ ရွာနေကျ ကိုရွှေမိုးကပင် မျက်နှာလွှဲကာ ဥပက္ခာပြုနိုင်လွန်းလှသည်။ အိမ်တွင်းအောင်းကာ ဝင်ငွေမရှိတဲ့ အချိန်မို့ ယပ်တောင် တဘုံးဘုံးခတ်ရင်း မိုးကဖြင့်
တစ်စက်တစ်လေမှ မရွာဟု ငြီးတွားရပေပြီ။ ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှော်မိ၏။ မညို့တညို့၊ မိုးကို အားကိုးနေကြသည်။

ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော။ မကြာမီ မကြာမီ။ မကြာမီ မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုးသားအောက်ခြေ လင်းလာပြန်တော့ သည်မိုးကရွာ မိုးသားအညို့ ဝမ်းသာလုံးဆို့လုမတတ်အချိန် မိုးသားပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏။

မိုးလေ မကဲခင်ကတည်းက လေကတခွင် စံပယ်ပွင့်သည်။ မြတါလေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည်။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏။ ပွင့်ဦးပွင့်ဖျား လက်မောင်းတုတ်မျှ စံပယ်မြတ်လေးခိုင် သီကာကုံးပြီး ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စံပယ်မြတ်လေးရနံ့ ကြူကြူလှိုင်တော့သည်။ တော်သေးသည်။ စံပယ်မြတ်လေး ပွင့်ပေလို့။ စံပယ်ရနံ့ မြတ်လေးရနံ့ သင်းသင်းတွေကို ခံစားရင်း ပူချည်လှည့်၊ အုံ့တလှည့် ခံစားနေရ၏။

တချို့ကလည်း မကြုံစဖူး ရင်ဆိုင်လိုက်ရသော သဘာဝလွန် သစ်တောဖြုန်းတီးမှု ဘေးဒဏ်ကြောင့် ရာသီဥတုတွေဖာက်လွဲဖောက်ပြန်သွားတာတဲ့။ အဘကတော့ အိမ်ဦးခန်းမှာ ကွမ်းတစ်ယာကို ဝါးရင်း “အင်း .. ဆုတ်ကပ်လေကွယ် ..” ဟုဆိုကာ စကားကိုမဆက်ဘဲ ရပ်ထားသည်။

ယခင်က နှစ်ပေသုံးပေခန့် တူးလိုက်လျှင်ပင် ရေတွေ သွင်သွင် ထွက်လာသော လယ်ယာမြေသည်လည်း ခြောက်သွေ့ပက်ကြားအက်သွားပြီ။ ဘုံဘိုင် လက်လှုပ်ရေတွင်းက လက်မောင်းအောင့်မျှ လှုပ်သော်လည်း ရေမထွက်လာ။ စက်တွင်းကြီးတွေပင် သုံးနာရီကျော်ကြာ ခုတ်မောင်းသော်လည်း ရေက တိုင်ကီထဲ တစ်ပေမျှပင်မတက်။ သဘာဝဝကို လူကဖန်တီးမယူနိုင်သော်လည်း သဘာဝကို ထိန်းကျောင်း အသုံးချနိုင်ပါ၏။
အတွေးအခေါ်ကောင်းကောင်း၊ အတတ်ပညာကောင်းကောင်း၊ စေတနာကောင်းကောင်းတော့ အများကြီးရှိဖို့လိုသည်။

“ရွှေဖလားဖြူဖြူစင်စင် ၊ ရွှေလက်ကောက်နှင့်ငင် ၊မန်ဘန်ဒီရှင်ဘန်ဒီ ၊ ဇော်ဂျီရှင်မနတ်ကယ်လေး ၊
တိမ်းပေတော့ ယိမ်းပေတော့။
တောင်ခြေရင်း၊ ဝါးခင်းစောင့်တဲ့ ဖိုးအောင်ကျော် ၊
မိုးခေါ်လို့ပေး၊ ခေါ်လို့ပေး၊ မိုးထိုးမိုးထိုး။
ကောက်ပင်ညိုမြ မိုးခိုစ၊ ရေရမြက်ပင် ရွာစေချင်၊
ဇော်ဂျီရှင်မနတ်ကယ်လေး၊ တိမ်းပေတော့ ယိမ်းပေတော့။” နတ်ဒိုးသံလှိမ့်ကာ ညံနေသော်လည်း မိုးသံကဖြင့် တိတ်ဆိတ်ငြိမ်သက်လွန်းလှပါချေ၏။

“မိုးမိုး ရွာလိုက်ပါ မိုး၊ အိမ်မိုးခေါင်မြုံးထောင်ရအောင်၊ ရွာလိုက်ပါတော့မိုး ..၊
မိုးမရွာဘဲ ကြာလေပြီ၊ မိုးရောလေရောလာလေပြီ
ပိတောက်ပင်မှာ မီးတကျည်၊ တက်ပါလေမိုးပါးနီး၊ အာလေ့ကျီးမိုးပါနီး မိုးမိုး.. ကြိုပါလေ.. ၊ ရွှေကိုင်းမိုးကြိုပါလေ..၊ မိုးမိုးမိုးရိပ်ဆင်၊ သည်မြေပြင်မှာရွာတဲ့မိုး
မိုးမရွာဘဲ ကြာလေပြီ၊ မိုးရောလေရောလာလေပြီ။”

အခုတော့ဖြင့် တာဝတိံသာက သိကြားမင်းကြီး. အလှူအတန်း ရက်ရောနေပုံရသည်။ ဆိုင်းမပါ ဘုံမပါဘဲ လှူတန်းနေပုံလည်း ရ၏။ တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေးနှင့် အလှူရေစက်ချနေသည်။ မိုးသံလေသံထစ်သံ ချုန်းသံအလျဉ်းမျှ မကြားရဘဲ မိုးညို့ရုံညို့ပြီး
ရေ တစ်ပေါက်နှစ်ပေါက်သာကျ၏။ ရွှေရောင်အတိ ရေစက်ချခရားမှ ရေကုန်ရုံမျှသာ မိုးကရွာသည်။

စိမ်းကားလွန်း၊ရှာင်တိမ်းလွန်းသော ‘မိုး’ကို အစကတော့ တမ်းတ၏။ နောက်တော့ ယပ်တစ်ဖျပ်ဖျပ် ခတ်ရင်းမျှော်၏။ ထို့နောက်မြစ်ဆိပ်၊ ရေနီမြောင်း ပုသိမ်ကြီး မြောင်းမတို့ဆီ တစ်စုတစ်ရုံးပေးကာ ရေစိမ်ရင်း တမ်းတကြ၏။ နေပူကျဲကျဲ ခြစ်ခြစ်တောက်တွင်
“ပုနာပရံယဒါယောမိ၊ မစ္ဆရာဇာမဟာသရေ။
ဥဏှေ သူရိယန္တပေ၊ သရေဥဒကခိယတ…”
အစရှိကုန်သော ငရံ့မင်းပရိတ်တော်ကို ရွတ်ဖတ်၊ ငရံ့မင်းပုံတော်များအား ရေစင်သွန်းလောင်း၊ လှည့်လည် အပူဇော်ခံကြကုန်၏။ သံဃာတော်အရှင်မြတ်ကလည်း”သုဏာတုမေဘန္တေသံဃော၊ ဣမသ္မီဂါမခေတ္တေဝဿကာလေ၊ သမ္မာဒေဝါ နဝဿန္တိ..”စသည်ဖြင့် မိုးကမ္မဝါစာကြီးကို ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး သီလသမာဓိ စင်ကြယ်သော ရပ်မိရပ်ဖကြီးက “အို..အထက်တစ်ခွင် မိုးကောင်းကင်၌ အစဉ်ရှိနေကြကုန်သော ဝလာဟကပဇ္ဖုန္န ဟု နာမထင်ရှား နတ်မင်းများတို့..”ဟု အစချီပြီး “ဤသို့လျှင် သင်္ချေနှစ်ဆယ်အတွင်း၌ဖြစ် ပွင့်တော်မူကြကုန်သော ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့ တန်ခိုးရှိန်ဝါ ထက်အာဏာတို့ဖြင့် နယ်ပယ်တဝှမ်းလုံး၌ မိုးတို့သည် ကောင်းစွာ ရွာကုန်သတည်း” ဟူ၍ မိုးအမိန့်တော်ပြန်တမ်းကြီးကို ကျယ်လောင်သောအသံဖြင့် ရွတ်ဖတ်လေကုန်၏။

တစ်ရက်..၊ နှစ်ရက်..၊ သုံးရက်၊ လေးရက်။ လူတွေလည်းမော..၊ အသံတွေလည်း ပြာကုန်ကြလေပြီ။ မကြာမီလေတစ်ချက် သွေးလာသည်။ တောင်ဆီက ညို့လာသည်။ လေပြင်းက ထန်လာသည်။ လေပြင်းခေါ်ဆောင်ရာနောက်သို့ မိုးတိမ်မျှင်ပါးတို့ ဒရောသောပါး ပြေးလိုက်သွားကြကုန်လေ၏။ ဟိုး..မြောက်ဘက် တောင်ကုန်းဒေသဆီ..။ သိကြားမင်းသည် ရွှေလက်ဖြင့် ရေစက်ခွက်မကာ အမျှအတန်းပေးဝေ သာဓုခေါ်ကာ ရေစက်ချလေ၏။ မိုးရေစက်က တစ်စက်..နှစ်စက်…သုံးလေးစက်..၊ နောက်တော့ တဖွဲစ်ဖွဲ..၊ ထိုမှသည် မြန်ပြည်တခွင် အေးချမ်းပျော်ရွှင်ကြရလေအောင် သွန်းဖြိုးပါလေမိုး…။ ကပ်ရောဂါဘေးဆိုးကြီးနှင့် အန္တရယ် အသွယ်သွယ်လည်း မိုးရေနှင့်အတူ လွင့်ပါးကွယ်ပျောက် ချမ်းသာရောက်ပါရစေ မိုး။

#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW