ဆူးငှက်
ဇေဋ္ဌစန်းမြိုင် ကြိုင်ထုံမွှေးသည်
မုလေးလေဝှေ့ ချပ်ရိုးငုံညှာတံ
မေထုန်နယ်ခေတ် ခါဝဿန်မှာ
စာမေးစာပြန်ဝါတော်လှမ်းမို့
ရွှေသန်းရံခသီဟာဘုံပြင်
လူမှူးရာနန်းရှင် . . .
နတ်နှုန်းတမွတ်ညာထွတ်တင်ငယ်
သုဓမ္မာခွင်လှူပွဲခံရှင့်လေး။ ။
လေကငြိမ်သည်။ တစ်ခါတစ်ခါမှသာ သွဲ့သွဲ့လေးသွေးသည်။ နဖူးဆံစလေးတစ်စက ကလျလေးသာ လှုပ်သည်။လေကအငြိမ် နေကအပူမို့ ကြွက်ကြွက်သာဆူ ပူပါဘိ၏။ တွင်းရေတွေခမ်း၊ ကန်ရေတွေခာက်ကုန်ကြပြီ။ သစ်ရွက်တို့ အစိမ်းဆုတ်၏။ ရှားစောင်း၊ ဆူးခြုံ၊ ကိုင်းပင်၊ မိုးနှံတို့ ပြိုင်းပြိုင်းထ လာကြသည်။ ပေတစ်ရာလမ်းမှာ ကားတစ်စီးတလေ အပြေးအလွှား ဖြတ်သွားလေတိုင်း ကတ္တရာစေးသံ တဗြန်းဗြန်းမည်၏။ ကိစ္စမရှိ။
ဤအပူမျိုး ၄ရက်၊ ၅ရက်၊ တစ်ပတ်မျှ ကြိတ်မှိတ်၊ ခါးစည်းခံပြီးသော် မြစ်ပြင်တွင် လှိုင်းကြက်ခွပ်ကလေးတွေ ခေါင်းထောင်ထလာကြသည်။ တောင်ဆီက မိုးမည်းမည်းတို့ ညို့တက်လာ၏။ မိုးရနံ့လေးတွေ ရှေ့ပြေးယူဆောင်လာသော လေကလေးက သုန်လာသည်။
ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှော်မိ၏။ မညို့တညို့၊ မိုးကို အားကိုးနေကြသည်။ ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော။ မကြာမီ မကြာမီ။ မကြာမီ မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုးသားအောက်ခြေ လင်းလာပြန်တော့သည်။
မိုးကရွာ မိုးသားအညို့ ဝမ်းသာလုံး ဆို့လုမတတ်အချိန် မိုးသား ပယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏။ မိုးလား လေလား ထွေပြားနေဆဲ ဝေါခနဲ မိုးပြေး တစ်ပြိုက် ရွာချလိုက်သည်။ တံခါးပိတ်သူပိတ်၊ မိုးရေခံသူခံဖို့ပင်ဆင်ဆဲ မိုးအရှိန်ကလည်း စဲသွားပြန်သည်။ကောင်းကင်သည် သူမဟုတ်သလို စောစောက အခြေအနေနှင့် ဘာမျှမဆိုင် လင်းထိန် ကျဲတောက်လာပြန်တော့၏။
နေကြောင့် ပူသည်၊ မစို့မပို့မိုးကြောင့် ပူသည်။ရေငွေ့ကြောင့် ပူသည်။ ၄င်းမိုးအကူး ကာလမို့ လေကလည်း အားလျှော့၊မိုးကလည်း မိုးမပီ၊ မဟုတ်မိုးမဟုတ် အခါရာသီ။ မိုးလေ မကဲခင်ကတည်းက လောကတခွင် စံပယ်ပွင့်သည်။ မြတ်လေးတို့ ပင်လုံးမှိုင်းညွတ်ဝသည်။ ပွင့်ဦးပွင့်ဖျား ပန်းတော် ကပ်ရ၏။ ပွင့်ဦးပွင့်ဖျား
လက်မောင်းတုတ်မျှ စံပယ်မြတ်လေးခိုင် သီကာကုံးပြီး ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စပယ်မြတ်လေး ရနံ့ ကြူကြူလှိုင်တော့သည်။
တော်သေးသည်။ ကဆုန်နယုန်မှာ စံပယ်မြတ်လေး ပွင့်ပေလို့။ စံပယ်ရနံ့မြတ်လေးရနံ့ သင်းသင်းတွေကို ခံစားရင်း ပူချည်တလှည့်၊ စွပ်စိုတလှည့် ခံစားနေရ၏။ သည်ရာသီကဖြင့် ပူပြန်လျှင်လည်း ခြစ်ခြစ်တောက်။ မိုးတဲ့ဟေ့ ဆိုပြန်လျှင်လည်း ဝုန်းဒိုင်းကြဲ။ အစွန်းနှစ်ဖက် ရောက်လှသည့် ရာသီဖြစ်သည်။ထိုသို့သော ပဋိပက္ခ အစွန်းထွက် ရာသီမှာ “ကဆုန်ညောင်ရေ နှစ်စဉ်အမြဲ ပွဲတော် ပျော်” ကြလေသည်။
ကဆုန်ညောင်ရေသွန်းပွဲကို မြို့မငြိမ်းက “ရွှေနန်းထက်ပျော် တေဇာတော်လင်း ဘုန်းတော်ရေမြေ့ရှင် ရှေးမြန်မာမင်းများရှိရင် ကဆုန်တော်သည်ပွဲ ယခုထက်လွန်ကဲ ကျင်းပမြဲခြိမ့်သဲမသွေ” ဟု တေးဖွဲ့ခဲ့သည်။
ကဆုန်ပြီးတော့ နယုန်ပေါ့။
နယုန်လသည် ကက္ကဋာ ပုဇွန်သဏ္ဍာန်နှင့်ပုဗ္ဗာသံ နက္ခတ်လင်းတယ် ပဉ္ဇင်းခံသည့် ပွဲအဖြစ်လည်း အလေးအမြတ်ပြုရာ လလည်းဖြစ်ပါ၏။
ဟော.. ပြောရင်းဆိုရင်း စည်းချက်ဝါးချက်ကျကျဖြင့် နရီစည်းလေးကြီးမှာ ချွဲနွဲ့စွာတီးခတ်ရမည့် နတ်စည်ငယ်လည်း ဝုန်းဒိုင်းကြဲ ဗိန်းဗောင်းတိုက်တော့သည်။
သိကြားနှင့် အသူရာ စစ်ခင်းပုံက ကြမ်းလှချည့်။ နယုန်မြစ်ရေပြင်သည် ““တငြိမ့်ငြိမ့်”” နှင့် မိုးဖွဲမိုးသေးအားညံ့စွာခံယူ လဲလျောင်းနေလို့ကောင်းသော်လည်း၊ မိုးမညို့မီမှာ တောင်လေပြင်းပြင်းတွင် ဒေါသကြီး၏။ သွန်ချအံ့ငှာ မိုးစက်မိုးပေါက်ကို အားကျမခံ ခုန်ပေါက်၏။ ဝါဆိုဝါခေါင် မရောက်မီမှာပင် မာန်ဟုန်ပြင်းနှင့်သာ မြစ်ပြင်ပါတကား။
နှင်းခဲပွင့်တို့ကြွေကျ အရည်ပျော်ကာ ကျဉ်းမြောင်းနက်ရှိုင်း ကျောက်ကြိုကျောက်ကြားမှာ စီးဆင်းစိမ့်ခဲ့သောမြစ်ရေသည် ကန္တာရလွင်ပြင်၊ ကိုင်းတော၊ ယာစပ်၊ ထန်းတော၊ လယ်ကွင်း၊ဖြတ်သန်းပြီး ဓနိတော လတာပြင်ကြား မှတဆင့် ကော်ဖီရောင် ရွှံ့နောက်ဒီရေဖြင့် တိုးဝှေ့ကာဖြတ်သန်းရသည့် ဥတုသုံးလီတစ်လျှောက် မိုး၊လေ၊ မိုးတို့ဖြင့် အံဖက်တု ပြိုင်ရသည့် အကြိမ်ကဖြင့် မနည်းသေး။ သို့တစ်စေ နှစ်ကုဋေကုဋာ ဖြတ်သန်းမှု သမ္ဘာက ရန်စွယ်အပေါင်းကို တွန်းလှန်ခဲ့ရာ၏။ တိုးလိုက်ဝှေ့လိုက်၊ တွန်းလိုက် တိုက်လိုက်နှင့် အလီလီ အကြိမ်ကြိမ်ကာ မိမိကို ဥပက္ခာပြုကာ ပစ်ပယ်ထားသော လူသားများကိုပင် အပြစ်မမြင်အားဘဲ သည်လူသားများ အကျိုးအတွက်ပင် ပြန်လည် ပေးဆပ်နေသည်ကော။
သူ့ချိန်သူ့ခါမို့ မြူတိမ်လွှာဆိုင်းပြန်သည်နှင့်“ကမ္ဘာတန်ဆာပေါ်ဦးစွာ၊ အရိယာပထ၊ လေးလီမျှအောင် နာမတဂုဏ်ပေါက္ခရေမိုး၊ ရွာသွန်းဖြိုး””သော်လည်း တာတစ်ပေါင် အပဲ့မခံ၊ချောင်းတစ်ရိုး အကျိုးမခံဘဲ လူသားတို့ အကျိုးအတွက် အချိန်ပြည့် သယ်ပိုးနေသောအာဂ
မြစ်ဧရာပါတကား။
သြော် မြစ်ဧရာရယ်လေ စိုးရိမ်စရာ အညာမိုးကို ဆက်လက် အံတုနိုင်ပါစေ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး