ဇွန် ၁၁-၂၀၂၂
VOM (GG)
ကျန်းမာရေးဝန်ကြီးဌာန မဟုတ်တဲ့ ကျန်တဲ့ဝန်ကြီးဌာနတွေအောက်က တက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိထားတဲ့ ကျောင်းသူ/ကျောင်းသားတွေကို ကျန်းမာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေမှာ ပြောင်းရွှေ့တက်ရောက်ခွင့်ပြုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။
၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တွေကို ဝင်ခွင့်ရရှိထားပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အတွင်း ကျောင်းအပ်နှံခြင်းမရှိသူတွေ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချင်းချင်းပြောင်းရွှေ့လျှောက်ထားလိုသူတွေ၊တခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိသူတွေအားလုံး ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နဲ့ကိုက်ညီရင် ပြောင်းရွှေ့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
” သိပ္ပံဘာသာတွဲတော့ဖြစ်ရမယ်၊သင်တန်းပြီးတဲ့အထိတက်ရမယ်၊တက္ကသိုလ်ခွဲဝေချထားရေးအဖွဲ့က တက်ခွင့်ပြုတဲ့နေရာကိုတက်ရမယ်၊တခြားလိုအပ်တဲ့စည်းကမ်းသတ်မှတ်ချက်တွေအပြည့်စုံကို ဝန်ကြီးဌာနကကြေညာပေးထားပါတယ် “လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေထဲကမှ ဆေးတက္ကသိုလ် နဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေက ပထမနှစ်သင်တန်းတွေရဲ့လစ်လပ်နေရာတွေကို ပြောင်းရွှေ့တက်ရောက်ဖို့ လျှောက်လွှာခေါ်ယူနေတာကိုလည်း တွေ့ရပါတယ်။
“CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေများတော့ အခုလိုလုပ်တာဖြစ်မယ်၊ နစကဘက်ကလည်း CDM လုပ်တဲ့ဝန်ထမ်းတွေထဲကမှ ပညာရေးနဲ့ကျန်းမာရေးကိုပဲ အဓိကထားပြီး ပြန်ခေါနေတာတွေ့ရတယ်။ကျန်းမာရေးနဲ့ပညာရေးက တကယ်ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ လုပ်သက်ရှိဝန်ထမ်းတွေ ပိုပြီးလိုအပ်တယ်၊သူတို့ကမှ ပြည်သူကိုဝန်ဆောင်မှုပေးတဲ့အခါ အကောင်းဆုံး ဆောင်ရွက်နိုင်တာဆိုတော့လေ။ကျန်းမာရေးဆိုရင် ပြည်သူတွေအသက်နဲ့ဆိုင်တာ၊ပညာရေးကျတော့လည်း ကလေးတွေရဲ့အနာဂတ်၊နိုင်ငံအနာဂတ် ” ဖြစ်တယ်လို့ အထွေထွေရောဂါကုဆရာဝန်တဦးကသုံးသပ်ပြောဆိုပါတယ်။
တက္ကသိုလ် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့လစ်လပ်နေရာတွေမှာ တက်ရောက်ခွင့်ရရှိအောင် ယခုလျှောက်လွှာခေါ်ယူမှုမှာ ဒုတိယအကြိမ်ဖြစ်တာကြောင့် အခု ဇွန်လ ၂၂ ရက်နေ့နောက်ဆုံးထား လျှောက်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကအသိပေးထားပါတယ်။
လက်ရှိ နစက လက်ထက်မှာ ကျန်းမာရေးဝန်ကြီးဌာနအောက်က ဆေးရုံ ၊ ဆေးတက္ကသိုလ် နဲ့ ကျန်းမာရေးဦးစီးဌနာ စတဲ့ဌာနတွေမှာ CDM လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးတက္ကသိုလ် ကျောင်းသားတွေ ၊ ဝန်ထမ်းတွေ ရှိနေပါတယ်။
#voiceofmyanmar #VOM #တခြားဝင်ခွင့်ရကျောင်းသား #ကျန်းမာရေးတက္ကသိုလ် #ပြောင်းရွှေ့လျှောက်ထားနိုင်