ဇွန် ၁၆-၂၀၂၂
Shy V (VOM)
မြန်မာ- တရုတ် အဓိကကုန်သွယ်ရာလမ်းပိုင်းတခုဖြစ်တဲ့ ကချင်ပြည်နယ်ရှိ တာလောကြီး ရွှေညောင်ပင် လမ်းမပေါ်မှာ မနေ့ ဇွန်လ ၁၅ ရက်ကစ ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ထိ မိုးသည်းထန်ပြီး ဧရာဝတီမြစ်ရေကြီးလာလို့ လမ်းမထိ ရေလျှံကာ ကုန်တင်ကားတွေ ရေနစ်ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ခန့်မှန်းခြေ အစီး ၂၀ လောက်ရရှိမယ်။ခါလီ ကားရော၊ ကုန်ကားရော၊ ဂျပ်ဖာတင်ထားတာတွေရော။ မနေ့ကနေ ခုထိပေါ့ ကားတွေနစ်နေတာ”လို့ ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်
ကားတွေပေါ်မှာ ယာဉ်မောင်းတွေ ပိတ်မိတာမရှိပေမယ့် မိမိတို့ကားနဲ့ အနီးစပ်ဆုံး ကုန်းပေါ်က တဲတွေမှာ ယာယီခိုနေကြပြီး ကုန်းလမ်းပိတ်ဆိုမှုဖြစ်နေတယ်လို့ သိရပါတယ်။
“ကုန်းလမ်းပိတ်နေတာပေါ့။ တချို့ စက်လှေတွေနဲ့ သွားကြတာတော့ တွေ့နေရတယ်။ အစားသောက်တွေက အဲဒီတဲရောင်းပေးတာရင်စားရတာပေါ့။ မရောင်းရင်တော့ ခေါက်ဆွဲပြုတ်ပေါ့။ အစားအသောက်က အဲဒီလို ခက်နေတာပေါ့။”လို့ နောက်ထပ် ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။
အရင်နှစ်တွေက ငှက်ပျောရာသီကုန်မှ ရေကြီးတာမျိုး ဖြစ်တာကြောင့် အခုလို အခက်အခဲနဲ့တော့ မကြုံ ဖူးဘူးလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
“ခါတိုင်းနှစ်က ယာတွေသိမ်းတဲ့ အချိန်လောက်မှဖြစ်တာဆိုတော့ ဒီလောက်ထိဆိုးဆိုး ဖြစ်တာမရှိဘူး။ ဒီနှစ်က မိုးရွာတာ နည်းနည်းလေးစောတော့ ဒီလိုမျိုး ဖြစ်တာပေါ့နော်။ အခုက ငှက်ပျောက မကုန်သေးဘူး။ ခါတိုင်းနှစ်က ၆ လပိုင်းကုန်မှ ငှက်ပျော နည်းနည်း ပါးလာတာပေါ့နော်။ အခုက ၆ လပိုင်းမှာ ဒီလိုမျိုး ဖြစ်တယ်ဆိုတော့ မိုးကျတာလည်း နည်းနည်းစောလို့ ဒီလိုဖြစ်တာပေါ့။”လို့ ယာဉ်မောင်းတဦးက ရှင်းပြပါတယ်။
တာလောကြီးရွာနဲ့ ရွှေညောင်လမ်းကနေ ဓါတ်မြေသြဇာတွေ အပါအဝင် ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးအိမ်သုံးပစ္စည်း တွေ တင်ဆောင်လာပြီး မြန်မာနိုင်ကနေ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲသီး ၊ ရာဘာတွေကို တင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။
Photo – ကျော်ကျော်ဆန်း
#voiceofmyanmar #VOM #တာလောကြီး #ရွှေညောင်ပင်လမ်းမပေါ် #ရေကြီး #ကုန်တင်ကားတွေရေနစ်