တာ​လောကြီး – ​ရွှေ​ညောင်ပင်လမ်းမပေါ်မှာ ရေကြီးပြီး ကုန်တင်ကားတွေ ရေနစ်နေ

ဇွန် ၁၆-၂၀၂၂
Shy V (VOM)

မြန်မာ- တရုတ် အဓိကကုန်သွယ်ရာလမ်းပိုင်းတခုဖြစ်တဲ့ ကချင်ပြည်နယ်ရှိ တာ​လောကြီး ​ရွှေ​ညောင်ပင် လမ်းမပေါ်မှာ မနေ့ ဇွန်လ ၁၅ ရက်​ကစ ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ထိ မိုးသည်းထန်ပြီး ဧရာဝတီမြစ်ရေကြီးလာလို့ လမ်းမထိ ရေလျှံကာ ကုန်တင်ကားတွေ ရေနစ်ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ခန့်မှန်းခြေ အစီး ၂၀ လောက်ရရှိမယ်။ခါလီ ကားရော၊ ကုန်ကားရော၊ ဂျပ်ဖာတင်ထားတာတွေရော။ မနေ့ကနေ ခုထိပေါ့ ကားတွေနစ်နေတာ”လို့ ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်

ကားတွေပေါ်မှာ ယာဉ်မောင်းတွေ ပိတ်မိတာမရှိပေမယ့် မိမိတို့ကားနဲ့ အနီးစပ်ဆုံး ကုန်းပေါ်က တဲတွေမှာ ယာယီခိုနေကြပြီး ကုန်းလမ်းပိတ်ဆိုမှုဖြစ်နေတယ်လို့ သိရပါတယ်။

“ကုန်းလမ်းပိတ်​နေတာ​ပေါ့။ တချို့ စက်​လှေ​တွေနဲ့ သွား​ကြတာ​တော့ ​တွေ့​နေရတယ်။ အစား​သောက်​တွေက အဲဒီတဲရောင်း​ပေးတာရင်စားရတာ​​ပေါ့။ မ​​ရောင်းရင်​တော့ ​ခေါက်ဆွဲပြုတ်​ပေါ့။ အစားအ​သောက်က အဲဒီလို ခက်​နေတာ​ပေါ့။”လို့ နောက်ထပ် ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

အရင်နှစ်တွေက ငှက်ပျောရာသီကုန်မှ ရေကြီးတာမျိုး ဖြစ်တာကြောင့် အခုလို အခက်အခဲနဲ့တော့ မကြုံ ဖူးဘူးလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

“ခါတိုင်းနှစ်က ယာတွေသိမ်းတဲ့ အချိန်လောက်မှဖြစ်တာဆိုတော့ ဒီလောက်ထိဆိုးဆိုး ဖြစ်တာမရှိဘူး။ ဒီနှစ်က မိုးရွာတာ နည်းနည်းလေးစောတော့ ဒီလိုမျိုး ဖြစ်တာပေါ့နော်။ အခုက ငှက်‌ပျောက မကုန်သေးဘူး။ ခါတိုင်းနှစ်က ၆ လပိုင်းကုန်မှ ငှက်ပျော နည်းနည်း ပါးလာတာပေါ့နော်။ အခုက ၆ လပိုင်းမှာ ဒီလိုမျိုး ဖြစ်တယ်ဆိုတော့ မိုးကျတာလည်း နည်းနည်းစောလို့ ဒီလိုဖြစ်တာပေါ့။”လို့ ယာဉ်မောင်းတဦးက ရှင်းပြပါတယ်။

တာလောကြီးရွာနဲ့ ရွှေညောင်လမ်းကနေ ဓါတ်မြေသြဇာတွေ အပါအဝင် ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးအိမ်သုံးပစ္စည်း တွေ တင်ဆောင်လာပြီး မြန်မာနိုင်ကနေ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲသီး ၊ ရာဘာတွေကို တင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။

Photo – ကျော်ကျော်ဆန်း
#voiceofmyanmar #VOM #တာ​လောကြီး #ရွှေ​ညောင်ပင်လမ်းမပေါ် #ရေကြီး #ကုန်တင်ကားတွေရေနစ်

Related posts

Leave a Comment

VOM News

FREE
VIEW