ဆူးငှက်
ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၁၉၂၀ ဝန်းကျင်။ မန္တလေးမြို့ လမ်း ၈ဝ တရုတ်တန်းနှင့် ၂၉ လမ်းထောင့်ရှိ ဇလားပုံမှန်အိမ်ကြီးတွင် ရေနံမီးထွန်းညှိထားသည်။ မှန်အိမ်ကြီးမှ အလင်းရောင်က တရုတ်တန်းကျောက်ကြမ်းလမ်းပေါ် ဖြာကျနေသည်။
တစ်ဖက် လမ်းထောင့်မှာ ဗဟိုရ်လက်ဖက်ရည်ဆိုင်ရှိ၏။ လက်ဖက်ရည်ဆိုင်နှင့် မျက်စောင်းထိုးလမ်း၏အရှေ့ဘက်တွင် ဧရာမကွပ်ပျစ်ကြီးတစ်ခုပေါ်၌ လူငယ်တစ်စုသည် တယော၊ မယ်ဒလင်၊ ဘင်ဂျို၊ ဗမာဂီတာ၊ ဗျက်စောင်းများကို မြိုင်မြိုင်ကြီး တီးခတ်နေကြသည်။ ရပ်ကွက်ခံလူငယ်များကလည်း ကွပ်ပျစ်ကြီးပေါ် ထိုင်သူထိုင်၊ ရပ်သူရပ်နှင့် ဝိုင်းဝန်းကြည့်ရှုနေကြ၏။ လူငယ် ၂ယာက်က ဘင်ဂျိုတစ်လုံးစီကိုင်ကာ သီချင်းတစ်ပုဒ်ကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင် တီးနေကြသည်။ စည်းနှင့်ဗျောက် လိုက်သူပင်လျှင် ဂီတ၏မြူးကြွမှုမှာ ပီတိသောမန ရိုးတိုးရွတဖြစ်လာပြီး “ဟဲ့ … ဘာတဲ့တုန်း …”၊ “အို .. ကိုငြိမ်းရေ ..”၊
“ကြိုးစားလိုက်ပါဦး ကိုတွေးရဲ့…”ဟု အသံတစာစာ တဟဲ့ဟဲ့ ဖြစ်လာတော့၏။
နှစ်ယောက်စလုံး၏ ဘင်ဂျိုတီးခတ်ပုံ၊ လက်ကွက် အယူအဆတို့မှာ ဆန်းသစ်ပြီး ဟန်ပန်အထာများရှိကြသည်။ ထိုတီးဝိုင်းလေးမှာ တရုတ်တန်းတွင် ညစဉ် တီးခတ်နေသဖြင့် လူသိများသော တီးဝိုင်းလေးဖြစ်၏။ တရုတ်တန်းဖျာဝိုင်းဟုခေါ်ကြသည်။ ပင်တိုင် ပါဝင်တီးခတ်သူများကား ပန်းချီဆရာ ကိုဘသက်၊ ကျောက်စိမ်းစလင်းသွေး ဆရာကိုတွေး၊ စောင်းကောက်ဖိနပ် ကိုလှကျော်၊ ကိုကျောက် တို့အပြင် ကိုဘသက်နှင့်အတူပါလာတတ်သော ကိုငြိမ်းတို့ဖြစ်သည်။
ကိုငြိမ်းက ပြုံးစစ မျက်နှာပေးရှိသည်။ ဖော်ရွေခင်မင်တတ်သည်။ လူပုံက ညက်ညော၏။ စကားပြောတော့ နည်းသည်။ ပြောပြန်လျှင်လည်း ညင်သာတိုးညင်းစွာ ချက်ကျလက်ကျ စိတ်ရှည်လက်ရှည် ပြောတတ်သည်။ တူရိယာအတီးအခတ် ကျွမ်းကျင် ဆန်းသစ်၍ ရွယ်တူ ကာလသားများကပင် ပွဲတောင်းခံရသူဖြစ်၏။ တရုတ်တန်းဖျာဝိုင်းတွင် ကိုငြိမ်းက ဘင်ဂျိုလက်စွမ်းပြတတ်သည်။ဟာ အခုလည်းကြည့် “နန်းဘုံသီဟာဘွေ” ကိုကိုတွေး၏ ဘင်ဂျိုနှင့် နှစ်လက်အပြိုင် တီးကြသည်။ စည်းက စုံစည်းမှာ ဘင်ဂျိုနှစ်လက်အပြိုင်မို့ တီးခတ်သူ နားထောင်သူအားလုံး မြူးကြွလာစေသည့် သီချင်းဖြစ်၏။ ကိုငြိမ်းက ဘင်ဂျိုကို သူ့ကိုယ်ပိုင်လက်ခတ်နှင့် တီး၏။ ကျွဲကော်ဘီးကျိုးကို အဖျားတွင် အနည်းငယ် လိမ်သွေးထားသည်။ ထိုလက်ခတ်ဖြင့် ဘင်ဂျို အသွားအပြန်တီးတော့ တစ်သံစီ ခွဲထွက်သည်။ လက်ခတ်က အသံတိုးတိုးလည်း ခတ်၍ရ၏။ ကျယ်ကျယ်ထွက်အောင်လည်း ခတ်၍ရ၏။
ဦးထော်၏ ဗဟိုရ်လက်ဖက်ရည်မှ လက်ဖက်ရည်သောက်နေသူတချို့ပင်လျှင် မန္တလေးသူရိယ၊မြန်မာ့တာရာ၊မြန်မာ့ဦးစွန်းနှင့်မြန်မာ့အလင်းသတင်းစာပါ နိုင်ငံရေး သတင်းပလင်းကိစ္စများငြင်းခုန်မှုတွေ ခေတ္တရပ်ကာ ကိုဘသက်တို့ တီးဝိုင်းလေးဆီ ကူးလာနားထောင်ကြရ၏။
တရုတ်တန်းကျောက်ကြမ်းလမ်းသည် လမ်းထောင့်များရှိ ရေနံဆီမှန်အိမ် မီးတိုင်များဖြင့် ပျပျလင်းလျက် ရှိသည်။ တစ်ခါတစ်ရံဖြတ်သွားသော ရထားလုံးများ၏ မြင်းခွာသံဖြောင်းဖြောင်းတွင် ကျောက်လမ်းနှင့်သံခွာထိခတ်မှုဖြင့် လက်ခနဲ မီးပွင့်တတ်သည်။ မြောက်နား ကျုံးထောင့်ရှိ သီပေါဓာတ်ရှင်ရုံနှင့် ဘီလမ်းပေါ်ရှိ အယ်ဖင်စတုန်း ဓာတ်ရှင်ရုံတို့တွင် ဇာတ်ပွဲနှင့် ဓာတ်ရှင်ရှိလျှင် မီးလင်းလင်းချင်းချင်း မြင်နေကြရသည်။
ဟိုး…တောင်ဖက် ၃၂ လမ်းထောင့်မှာ ရင်နူး၏ ရေခဲရေကျောက်ကျောရည်ဆိုင်၊ ၂၉ လမ်းထောင့် အီစမံအင်၏ရေခဲမုန့်ဆိုင်၊ ဦးထော်၏ ဗဟိုရ်လက်ဖက်ရည်ဆိုင်နှင့် တရုတ်စီကောက်၏ တေလေထမင်းဆိုင်တို့တွင်မူ အောက်လင်းဓာတ်မီးတွေ ထိန်ထိန်လင်းနေသည်။
ဘူတာရုံဆီမှ ကုန်ရထားနှင့်လော်ကယ်ရထားအချို့၏ ရေနွေးငွေ့ စက်ခေါင်းကြီးများမှ တဂျိန်းဂျိန်း ရှန်တိန်လုပ်သံများမှ လွဲလျှင် တရုတ်တန်းလမ်းသည် ညအခါ၌ မယ်ဒလင်သံ၊ ဘင်ဂျိုသံ၊ ဗမာဂီတာသံများသာ
လွှမ်းနေတတ်၏။ သီချင်းအဆုံး တျာတေတျောသတ်အပြီး အားလုံးကကျေနပ်ပီတိဖြင့် “ကောင်းလှချည့်” ဟု ချီးမွမ်းကြသည်။
ဘင်ဂျိုကိုချပြီး ကိုငြိမ်းက ဆေးပေါ့လိပ်လေး ကောက်ဖွာသည်။ ကိုဘသက်က သူ၏ အိန္ဒိယနိုင်ငံလုပ် တယောလေးကို မေးဖျားမှ မချဘဲ သံဆန်းလေးတစ်ပိုဒ် တို့ထိကြည့်နေ၏။ အနောက်နား ရေစက်ရုံဆီမှ ကိုးနာရီ သံချောင်းခေါက်သံ ကြားရသည်။ ကိုလှကျော်က
ခါးဆန့်ပြီးမတ်တပ်ရပ်ရန် ထသည်။ “နန်းဘုံသီဟာဘွေ ကတော့ ကိုငြိမ်းတို့၊ ကိုတွေးဘင်ဂျိုနဲ့ဆိုလိုက်ရမှပဲ အားရတော့တယ်ဗျာ”ဟုပြောသည်။
တယောကို မေဖျားမှ ဖြုတ်ကာ ကွပ်ပျစ်ပေါ် အသာချရင်း ကိုဘသက်က ကိုလှကျော်တို့ “ပြန်တော့မှာလားဗျ၊ အစောကြီးရှိသေးတာပဲ”ဟု လှမ်းထောက်၏။
“ပြန်လိုက်ဦးမယ်ဗျာ၊ ဒီမှာ ကိုမြဗျောရှိနေသားပဲ ..၊ ကျွန်တော်က နက်ဖြန်အတွက် ဖိနပ်သားရေ အလျင်တွေ ပုံဝိုင်းရဦးမှာ … လုပ်စားရဦးမှာဗျ” ဟု တဟဲဟဲရယ်ရင်း … ကိုလှကျော်က ပြောသည်။
ကိုဘသက်က “အော … အိမ်း.. အိမ်း
..မောင်လှကျော်ရယ် .. တို့ကျတော့ စီကောက်ဆိုင်မှာပဲ နပ်မှန်ရတဲ့ တေလေတွေပေါ့ကွာ .. ဟား .. ဟား ..
ဟား ..”ဟု ပြန်ထောက် ရင်း … “ကိုင်း .. ကိုင်း၊ပြောင်တာပါကွယ်၊ ညဉ့်လည်း နက်ပါပြီ၊ သိမ်းကြပါစို့၊ဪ… ကိုငြိမ်းရေ .. မနက်ကျ ဈေးချိုဘူတာလေးနားက ‘ဆိုင်ဒူးခန်း’လက်ဖက်ရည်ဆိုင်မှာ ဆိုင်းတန်းဝိုင်းက ကိုဘငွေ တို့ ကိုဘကြင်တို့ မောင်အုန်းတို့နဲ့ ချိန်းထားတာ မေ့မနေနဲ့ဦးဗျ” ပြောကာ တယောကို သိမ်းသည်။
ကိုတွေးက ဘင်ဂျိုကို မချသေးဘဲ လက်ခက်ကလေးနှင့် တို့ထိနေဆဲဖြစ်၏။ သီချင်းခန့် အသွားလေး တစ်ခုဖစ်သည်။ ဘင်ဂျို တီးခတ်နေရင်းမှ “ဘယ့်နှယ်လဲ ကိုငြိမ်းရဲ့၊ ခင်ဗျားတို့တီးဝိုင်းအဖွဲ့က နာမည်ပေးပြီးပြီလား ..”အမေးမှာ
“လောလောဆယ် ရတနာပုံ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်းလို့ပေးထားတာ၊ ဒါပေမဲ့ဗျာ နာမည်က ကြီးကျယ် လွန်းနေလို့ မကြိုက်ကြသေးဘူး၊ အဲဒါ မနက်ဖြန်မနက်မှာ ထပ်ညှိကြဦးမှာဗျ…”ဟု ကိုငြိမ်းကဖြေသည်။
တကယ်တော့ ဒီကနေ့အထိ သက်တမ်း၉၀ကျော် ၁၀၀နီးပါး တည်ရှိနေသေးသော မြို့မတူရိယာအသင်း ဆိုသည်မှာ ပါရမီရှင် ဝါသနာရှင် မန္တလေးသားလူငယ်လေးများ၏ စေတနာ ဝါသနာ အနစ်နာများဖြင့် လမ်းဘေးဖျာဝိုင်းမှတဆင့် စတင်ခဲ့ခြင်းပင် မဟုတ်ပါလား။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး