ခေတ်လက်ရာ မြန်မာမှုအနုလက်ရာပစ္စည်းတွေကို ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်လုပ်ပေးမယ်

ဇွန် ၂၆-၂၀၂၂
VOM (GG)

ခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်နဲ့ ရုပ်တုဆင်းတု​တွေ၊ မြန်မာမှုအနုလက်ရာ ပစ္စည်းတွေကို ပြည်တွင်း ပြည်ပကို သယ်ဆောင်လိုသူ​တွေအတွက်ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ဆောင်ရွက်ပေး​နေတယ်လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာနကနေ သိရပါတယ်။

လျှောက်ထားမယ်ဆိုရင် သယ်ယူပို့ဆောင်မယ့် ပစ္စည်းကို လျှောက်ထားသူနဲ့အတူ တပါတည်းယူဆောင်လာရမှာဖြစ်သလို ၊သယ်ယူပို့ဆောင်လိုတဲ့ ပစ္စည်းတွေရဲ့ အမျိုးအမည်၊ အမျိုးအစား၊အရေအတွက်၊ အတိုင်းအတာတွေ ပြည့်ပြည့်စုံစုံပါရှိတဲ့စာရင်း၊ ဝယ်ယူခဲ့တဲ့ ပြေစာ(သို့မဟုတ်) ပြုလုပ်တဲ့ ကုမ္ပဏီအဖွဲ့အစည်း၊ ဆိုင်၊ ပုဂ္ဂိုလ်ရဲ့ အသစ်ဖြစ်ကြောင်း အာမခံချက် အထောက်အထားတွေလိုအပ်တယ်လို့ သိရပါတယ်။

ရှေးဟောင်းဝတ္ထုပစ္စည်းတွေနဲ့ လဲလှယ်သယ်ဆောင်ခြင်း မပြုကြောင်း ဝန်ခံကတိပြုချက်လည်းလိုအပ်ပါတယ်။

“အချက် ၅ ချက်ထုတ်ထားတယ်။အဲ့ဒါတွေနဲ့အညီလုပ်ပေးမှာပါ။ကုမ္ပဏီဆိုရင် ကုမ္ပဏီမှတ်ပုံတင် မိတ္တူ၊ သွင်းကုန်ထုတ်ကုန်လိုင်စင် မိတ္တူလိုပါတယ်။ဌာနဆိုင်ရာတွေ၊ ​ဘာသာရေး အဖွဲ့အစည်းတွေဆိုရင် မူရင်းရုံးစာ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ အကျိုး အကြောင်း ဖော်ပြစာလိုပါတယ်။ ပစ္စည်းကို အပြာရောင်နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ၄ လက်မ၊ ၆ လက်မ ရောင်စုံဓါတ်ပုံ လိုပါတယ် ။ လျှောက်ထားမှုတွေကိုနေ့ချင်းပြီးလုပ်ပေးသွားမှာပါ ” လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။

နောက်ပြီး စီးပွားရေးအဖြစ်လုပ်ပါက တရားဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အထောက်အထား ဖြစ်တဲ့ သမဝါယမဉီးစီးဌာနက အခွန်ဆောင်ပြေစာ (သို့မဟုတ်) တည်ဆဲစည်းမျဉ်းအရ အခြားဌာနဆိုင်ရာတွေ က ထုတ်ပေးတဲ့ ပြေစာလိုအပ်တယ်လို့သိရပါတယ်။

ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက်သက်တမ်းကို ၃ လ အထိသာ ခွင့်ပြုပေးထားကြောင်း၊ သက်တမ်းကုန်ဆုံးချိန်အထိ သယ်ယူပို့ဆောင်ခြင်း မပြုနိုင်ရင် အသစ်ပြန်လည် လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက်ကို ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန၊ ရန်ကုန်ဌာနခွဲနဲ့ မန္တလေးဌာနခွဲမှာ လျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ခေတ်လက်ရာမြန်မာမှုအနုလက်ရာပစ္စည်းတွေ #ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း #ထောက်ခံချက်လုပ်ပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW