ဖားကန့်မြို့နယ် သျှမ်းနီ အမျိုးသား စာပေနဲ့ ယဥ်ကျေးမှု အဖွဲ့ ဒု ဥက္ကဋ္ဌ သေနတ်နဲ ပစ်သတ်ခံရ

ဇွန် ၊ ၂၆ ၊ ၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဟောင်ပါးမြို့နေ သျှမ်းနီ အမျိုးသား စာပေနဲ့ ယဥ်ကျေးမှု ကော်မတီ ရဲ့ ဒု ဥက္ကဋ္ဌဖြစ်သူ ဦးဖေသန်းဟာ မနေ့ ဇွန် ၂၅ ရက် ညပိုင်းက နေအိမ်မှာ ရှိနေတဲ့အချိန် လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ သျှမ်းနီ အမျိုးသား စာပေနဲ ယဥ်ကျေးမှုကော်မတီ ဆီက သိရပါတယ်။

” မနေ့က ညပိုင်း ၈ နာရီဝန်းကျင်က နေအိမ်ရှေ့အောက်မှာ ရှိနေတဲ့အချိန် သေနတ်နဲ့ လာပစ်တာကို ခံရတာပါ ” လို့ သျှမ်းနီ ယဥ်ကျေးမှု အဖွဲ့ဝင် တယောက်က ပြောပါတယ်။

အသက် ၆၀ နှစ်အရွယ် ဦးဖေသန်းဟာ သေနတ်သမား လူငယ် ၂ ယောက်ရဲ့ လုပ်ကြံပစ်ခတ်တာကြောင့် ယာဘက် လက်မောင်း ကျည်ဆံ ရှပ်ထိဒဏ်ရာ ၂ ချက်နဲ့ ဝဲဘက်မျက်လုံး ကျည်ဆံ ဖောက်ဝင် ဒဏ်ရာ ၂ ချက်ရပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးဖေသန်း လုပ်ကြံ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် သျှမ်းနီ အမျိုးသား စာပေနဲ့ ယဥ်ကျေးမှုကော်မတီ အဖွဲ့ဝင် တစ်ဦး ပြောတာက ” ဦးဖေသန်းရဲ့ အိမ်ကို ဖုန်းဆက်မေးပြီးပြီ ၊ ဖုန်းသတင်းအရတော့ ဦးဖေသန်းက အိမ်အောက်မှာ ထိုင်နေတဲ့အချိန် သေနတ်သမားက ဝင်ပစ်တာပါ ၊ အဲ့ဒီ အချိန်မှာ ဦးဖေသန်း မိန်းမက အိမ်ပေါ်နောက်ဖေးဘက်မှာ ရှိနေတာဖြစ်တယ် ၊ သူတို့က လင်မယား ၂ ယောက်ပဲနေကြတာ ” လို့ဖြစ်ပါတယ်။

သျှမ်းနီ အမျိုးသား ရှေးဟောင်းစာပေနဲ့ ယဥ်ကျေးမှုကို လေးစားချစ်ခင်ပြီး ရိုးရာအမွေအနှစ်ကို မပြတ်ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ဦးဖေသန်းဟာ ဟောင်ပါးမြို့ သျှမ်းနီ ယဥ်ကျေးမှုကော်မတီရဲ့ ဥက္ကဋ္ဌ တယောက်ဖြစ်သလို ၊ ရပ်ရွာ အုပ်ချုပ်ရေး ကိစ္စမှာလည်း ဥက္ကဋ္ဌဟောင်း တယောက်ဖြစ်ပါတယ်။

အဲ့ဒီလို တိုင်းရင်းသားအရေးနဲ့ ရပ်ရွာအတွက် အရေးပါတဲ့ လူတယောက် လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့အတွက် ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့ရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်ရဲ့ သျှမ်းနီ အမျိုးသား စာပေနဲ့ ယဥ်ကျေးမှုကော်မတီ တောင်ပိုင်းတာဝန်ခံနဲ့ ဗန်းမောက်မြို့နယ် သျှမ်းနီ လူငယ် ကွန်ရက် ဒု ဥက္ကဋ္ဌဖြစ်သူ စိုင်းကျန်အောင် ခေါ် ဆေးလိုင်း ဆိုသူဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရပြီး ၃ ရက်အကြာမှ ပြန်လည်လွှတ်ပေးတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ် ။

#voiceofmyanmar #VOM #သျှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့ #ဖားကန့် #သျှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့ဒုဥက္ကဋ္ဌသတ်ခံရ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW