ဒေါက်တာအေးဇံ ထောင်ဒဏ်၂ နှစ် ထပ်ချခံရ

ဇူလိုင် ၁၂-၂၀၂၂
KK(VOM)

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို မနေ့ ဇူလိုင် ၁၁ရက်က မော်လမြိင်မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချမှတ်တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။

“မော်လမြိုင်မြို့နယ်တရားရုံးမှာ မနေ့ မနက်ပိုင်းက ဒေါက်တာအေးဇံကို ပုဒ်မ ၁၃၀ -က နဲ့ ​ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်တယ်၊ သူတို့ကတော့ ချနိူင်သလောက် အမိန့်တွေချနေမှာပဲ၊ အခုချတဲ့ပုဒ်မက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး စွဲထားအမှုကို အမိန့်ချတာ”လို့ NLD ပါတီဝင်တဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံကို ပြီးခဲ့တဲ့ မေလ ၁၆ ရက်က ကျိုက်မရော ဗဟိုအကျဉ်းထောင်အတွင်း အထူးတရားရုံးမှာ ပုဒ်မ ၅၅ နဲ့စွဲထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့တာလည်းရှိပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း
ကလည်း ကျိုက်မရောအကျဥ်းထောင်မှာပဲ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တာလည်းရှိပါတယ်။

လက်တလော ဒေါက်တာအေးဇံဟာ ပုဒ်မ ၁၃၀ -က အတွက် ထောင်ဒဏ်၂နှစ် ၅၀၅(ခ) နဲ့၂ နှစ် အဂတိပုဒ်မ ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်အမိန့်ချမှတ်ခံထားရတာကြောင့် စုစုပေါင်းထောင်ဒဏ် ၂၅ နှစ် ကျခံရမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒေါက်တာအေးဇံ #ထောင်၂နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW