ပေါင်မြို့နယ်မှာ ဆွမ်းပို့သွားတဲ့ ကလေးငယ် ၃ ဦး ရေနစ်သေဆုံး

ဇူလိုင် ၊ ၁၂-၂၀၂၂
SP(VOM)

မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ဖလပ်ကျေးရွာ ၊ အဝေးပြေးကားလမ်းမကြီးဘေးက မြေတူးထားတဲ့ ရေအိုင်ထဲမှာ ဘုန်းကြီးကျောင်း ဆွမ်းပို့သွားတဲ့ ကလေး ၃ ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ မနက်ပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တဲ့နေရာက အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၆၉ / ၁ နားက ကျောက်တူးထားတဲ့ ရေအိုင်ထဲမှာဖြစ်တာပါ ၊ ဒီမနက် ၈ နာရီနဲ့ ၉ နာရီကြားဖြစ်မယ်၊ သေဆုံးသူတွေကတော့ မစိုးပြည့်ပြည့်စံ ၁၁နှစ် ၊ မဖြိုးသီရိ ၉နှစ် နဲ့ မခိုင်ဒါသိန်း ၁၂ နှစ် တို့ဖြစ်ပါတယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

သေဆုံးသူ ၃ ယောက်စလုံးဟာ ဖလပ်ကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဒီမနက်ပိုင်းက တောရဘုန်းကြီးကို ဆွမ်းပို့သွားချိန် ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူရဲ့ကလေးတယောက်ရဲ့အဖေဖြစ်သူ ဦးဝင်းထွန်းဦး ဆိုသူက ကလေးတွေ အိမ်ပြန်မလာနိုင်တာကြောင့် တောရကျောင်းဘက်ကို လိုက်သွားတဲ့အခါ ရေအိုင်ထဲမှာ ဖိနပ်တွေ တွေ့ရတဲ့အတွက် လူအုပ်နဲ့ဆင်းရှာတဲ့အခါ ကလေးတွေ ရေနစ်သေဆုံးနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် အခုလို မိုးများတဲ့ရာသီမှာ ကလေးတွေအနေနဲ့ လူကြီးမပါဘဲ သွားလာတာ၊ ဆော့ကစားတာတွေ မပြုလုပ်မိစေဖို့ သတိပြုသင့်တာပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပေါင်မြို့ #ကလေးသုံးဦး #ရေနစ်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW