မုံရွာမြို့မှာ ဥပုသ်ကျောင်းပြန်တွေကို လမ်းကနေ လုယက်ဓားပြတိုက်နေတဲ့ လူ ၁၁ ဦးကို ဖမ်းဆီးရမိ

ဇူလိုင် ၁၂-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ သာစည်လမ်းပေါ်မှာ သွားလာနေတဲ့ သူတွေဆီကနေ သေနတ်အတုနဲ့ အုပ်စုဖွဲ့ပြီး လိုက်လံလုယက်နေသူ ၁၁ ဦးကို ဒီကနေ့ နေ့လယ်၂ နာရီဝန်းကျင်က အရပ်ဝတ်လုံခြုံရေးတွေက ဖမ်းဆီးသွားတယ်လို့ မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေဆီက သိရပါတယ်။

” ဝါဆိုလပြည့်နေ့ဆိုတော့ လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး ဘုရားသွား ကျောင်းတက်လုပ်တဲ့သူတွေများတယ် ၊အဲ့ဒီလူတွေဆီက ပိုက်ဆံအိတ်၊ ဖုန်း၊ ဆိုင်ကယ်နဲ့ လက်ဝတ်လက်စားတွေကို ဓားပြတိုက်လုယူနေတဲ့ သူတွေ ဖမ်းမိတာ “လို့ ကိုယ်တိုင်မြင်တွေ့လိုက်ရသူ ဒေသခံ တယောက်က ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်ကလည်း” လမ်းပေါ်မှာ သေနတ်အတုနဲ့ အုပ်စုဖွဲ့လုယက်နေတဲ့ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဖမ်းမိထားတယ် ၊ အခု ညနေပိုင်းက ဖမ်းမိတာပါ ၊ စစ်ဆေးနေတုန်းဆိုတော့ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှု ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးဘူး “လို့ ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်း ၊ ရေကူးလမ်း ၊ သပြေပင်လမ်းတွေမှာ ဥပုသ်ကျောင်းပြန် လမ်းမှာ လုယက်ခံရတဲ့ဖြစ်စဥ် ၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲ့ဒိအပြင် မနေ့ ဇူလိုင် ၁၁ရက် ညပိုင်းကလည်း မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ထဲက နေအိမ် ၁ လုံးအတွင်းကနေ တန်ဖိုးကြီး ဆိုင်ကယ် ၅ စီး ခိုးယူခံရတာလည်း ဖြစ်ခဲ့ပါတယ်။

“အခုတလော မုံရွာမြို့မှာက ခိုးဆိုးလုယက်သူတွေပေါလာတယ် ၊ လမ်းသွားလမ်းလာတွေဆီကနေ ဖုန်းနဲ့ ပိုက်ဆံအိတ် လုခံရတာ ခဏခဏပဲ”လို့ ဒေသခံတယောက်က ပြောပါတယ်။

မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ ရေမိန်လမ်းမှာနေတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းရဲ့နေအိမ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဓားပြတိုက်လုယက်သွားလို့ ရွှေထည်ပစ္စည်းတချို့နဲ့ ပိုက်ဆံ သိန်း ၄ ရာကျော် ပါသွားတာလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းကလည်း အခု လုယက်ဓားပြ ၁၁ ဦး ဖမ်းမိတယ်ဆိုတဲ့ သာစည်လမ်းပေါ်မှာ ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်တဲ့ လူ ၇ ဦး ဒေသခံတွေက ဝိုင်းဖမ်းလိုက်တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW