ရန်ကုန်မှာ ဒီကနေ့ ဗုံး၂ကြိမ်ပေါက်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိ

ဇူလိုင် ၁၂-၂၀၂၂
KK(VOM)

ရန်ကုန်က စမ်းချောင်းမြို့နယ်နဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တို့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ပေါက်ကွဲမှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။

စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ဂုံးတံတားနဲ့ပန်းခြံအနီးမှာ ဒီကနေ့ညနေ ၃ နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အမျိုးသားနှစ်ဦးကိုတော့ လူနာတင်ယာဥ်နဲ့တင်သွားတယ်ပြောတယ်၊ ကျွန်မတို့မြင်တာ မိန်းကလေးတယောက်သွေးတွေ အရမ်းထွက်နေတယ်”လို့ ပြောပါတယ်။

အလားတူ ရန်ကုန်မြို့၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၂ ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းကားလမ်းဘေးရှိ ပန်းခြံအတွင်း ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ပန်းခြံအတွင်း မြောက်ဘက်ခြမ်းမှာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးပေါက်တော့ အကုန်ထပြေးရော လူငယ်နှစ်ယောက်ထိသွားတယ် လူနာတင်ကားနဲ့ တင်သွားတာတွေ့တယ်၊ အခုတော့ စစ်တပ်ရော ရဲတွေရော အများကြီးပဲ”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးဟာ ပစ္စည်းလိုက်ပို့သူ ကိုဇော်မျိုးထက်နဲ့ ကိုအောင်သူလွင် တို့ဖြစ်ပြီး ဗုံးစထိမှန်ဒဏ်ရာတွေရရှိကာ ဆေးရုံကိုပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနှင့်နီးစပ်သူတဦးက ပြောပါတယ်။

“အခြေအနေကတော့ စိုးရိမ်ရတယ် အခုသူတို့နှစ်ဦးကိုလှိုင်သာယာဆေးရုံပို့ထားတယ် “လို့ ပြောပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေက လှိုင်သာယာပန်းခြံရှေနဲ့ ရန်ကုန် ညောင်တုန်းကားလမ်းမကြီးဘေးမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၁နာရီခွဲက တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းထိပ်မှာ စစ်ကားတစ်စီးကို ဗုံးခွဲဖို့စီစဥ်ထားတာမှာ အမှိုက်ကောက်ကလေးတွေရောက်လာလို့လူအုံခဲ့တာကြောင့် စစ်တပ်ကနေ ဗုံးကိုဖောက်ခွဲဖျက်ဆီးပစ်ခဲ့တယ်လို့ YANGON LIBERATION FORCE အဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

မနေ့ ဇူလိုင်၁၁ရက် ညပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ ၉မိုင်၊ ပြည်လမ်းပေါ်က အိုးရှင်းစင်တာအရှေ့က လမ်းဘေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဗုံးပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW