အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာကြီးမောင်သာနိုး ကွယ်လွန်

ဇူလိုင် ၁၂-၂၀၂၂
KK(VOM)

အမျိုးသားစာပေ တစ်သက်တာစာပေဆုရှင် စာရေးဆရာကြီးမောင်သာနိုးဟာ ဒီကနေ့ ညနေ ၆ နာရီခွဲက ရန်ကုန် SSCဆေးရုံမှာ ကွယ်လွန်သွားတယ်လိို့ စာရေးဆရာအသိုင်းအဝိုင်းကနေ သိရပါတယ်။

စာရေးဆရာ ကဗျာဆရာကြီး မောင်သာနိုးကို ၁၉၃၄ ခုနှစ် မတ်လ ၁၆ ရက်က အဖဦးခင်မောင်လေး အမိဒေါ်စံမြင့်တို့က စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းအစိုးရအထက်တန်းကျောင်းနဲ့ မန္တလေးတက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နဲ့ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သလို ရန်ကုန်တက္ကသိုလ်မှလည်း မြန်မာစာနဲ့မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါသေးတယ်။

ဆရာမောင်သာနိုးဟာ အထက်တန်းကျောင်းသားဘဝကပင် စာပေများ စတင်ရေးသားခဲ့ပြီး မန္တလေးတက္ကသိုလ်မှာရှိစဉ် နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာမှာ အင်္ဂလိပ်စာအယ်ဒီတာအဖြစ် လုပ်ခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး လူထု၊ မန်းဇာတ်သတင်းစာများတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

ရန်ကုန်ကို ၁၉၆၇ ခုနှစ်မှာ စတင်ပြောင်းရွှေ့ကာ မဂ္ဂဇင်းတွေမှာ စာပေများ ရေးသားခြင်းနဲ့ စာအုပ်များ ထုတ်ဝေခဲ့ရာ ၁၉၆၈ ခုနှစ် ထင်းရူးပင်ရိပ်နဲ့တော်မှော်ရုံလမ်း စာအုပ်နှစ်အုပ်ကိုရေးသားပြီး မော်ဒန်စာပေနဲ့ လူငယ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စာပေအစီအစဉ်ကို တက်ရောက်ခဲ့ပါတယ်။

၁၉၆၈ ခုနှစ်မှစတင်ရေးသားခဲ့တဲ့ ထင်းရှုးပင်ရိပ်နဲ့ တော်မှော်ရုံလမ်း ၁၉၇၂ မှာ ဗမာစာ ဗမာစကား ၁၉၉၂ မှာ အာရှတိုက်၏ အလင်းရောင် စတဲ့စာအုပ်များအပြင် နိရောဓသစ္စာနဲ့ ခိုးစားတဲ့ သစ်သီးစတဲ့မော်ဒန်စာပေတွေကို ရေးသားခဲ့ပါတယ်။

ဆရာကြီးဟာ မော်ဒန်စာပေများအပြင် မဟာကဗျာ ဂန္ထဝင် နိုင်ငံခြား ကဗျာရှည်၊အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု၊ရေနီမြောင်းတေးသံ ကဗျာများ၊ ၊ ဆွတ်ပျံ့ဖွယ်အောင်၊လူထုကဗျာ၊ ကဗျာခရီးသည် ခံစားမှုစာစု၊ ဟိုက္ကူကဗျာခရီးသည် စတဲ့ကဗျာစာအုပ်တွေ ရေးသားခဲ့ပါတယ်။

ဒါ့အပြင်ဆရာကြီးဟာ ENGLISH THE EASY WAY၊ ENGLISH GR၊ESSAYS & LETTERS၊ဘာသာပြန် လက်တွေ့ ၊ ဆွတ်ပျံ့ဖွယ်အောင်၊ ENGLISH GRAMMAR (အင်္ဂလိပ်သဒ္ဒါ နိဒါန်း)၊MIDDLE SCHOOL ENGLISH ESSAYS၊ဘာသာပြန် လက်တွေ့ (၂) ဘာသာပြန်စာပေတွေကိုလည်း ရေးသားခဲ့ပါသေးတယ်။

ဒီလိုစာပေတွေကို စဥ်ဆက်မပြတ်ရေးသားလာတဲ့ ဆရာကြီးမောင်သာနိုးကို ၂၀၁၆ ခုနှစ်မှာ နိူင်ငံတော်အစိုးရကအမျိုးသား စာပေတသက်တာဆုကို ပေးအပ်ခဲ့ပါတယ်။

မော်ဒယ်စာပေ၊ကဗျာ နဲ့ဘာသာပြန်စာအုပ်တွေကို စဥ်ဆက်မပြတ်ရေးသားလာတဲ့ ဆရာကြီးမောင်သာနိုးဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #အမျိုးသားစာပေတသက်တာဆုရှင် #စာရေးဆရာကြီးမောင်သာနိုး #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW