ဟားခါး ချွန်ကျုံးရွာမှာ တိုက်ပွဲဖြစ်ပြီး လူနေအိမ် ၁၃ လုံး မီးလောင်

ဇူလိုင် ၊ ၁၅-၂၀၂၂
SP (VOM)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးရွာနားမှာ မနေ့ ဇူလိုင် ၁၄ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ ချွန်ကျုံးရွာထဲက လူနေအိမ် ၁၃ လုံး မီးလောင်ခဲ့တယ်လို့ ချွန်ကျုံးရွာခံတွေဆီက သိရပါတယ်။

” မနေ့က ရွာနားမှာ ပစ်ခတ်တာတွေဖြစ်တယ် ၊ ရွာလူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနေ့က ရွာထဲက လူနေအိမ် ၄ လုံး မီးလောင်ပျက်စီးတယ် ၊ ဒီမနက် လူနေအိမ် ၉ လုံး ထပ်ပြီး မီးရှို့ခံရတယ် ၊ ရွာမှာ လူနေအိမ်တွေ မီးရှို့ခံရတာ မနေ့က နဲ့ ဒီကနေ ၂ ရက်ပေါင်း ၁၃ လုံးရှိသွားပြီ ” လို့ ချွန်ကျုံးရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ချွန်ကျုံးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တာနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” ချွန်ကျုံးရွာနားမှာ မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အလောင်း ၁ လောင်း ၊ Type 56 AK အမျိုးအစား သေနတ် ၁ လက် ၊ ကျည်အိမ် ၂ ခု ၊ကျည်ဆံ ၆၀ သိမ်းဆည်းရမိတယ်၊ မပေါက်ကွဲသေးတဲ့ မိုင်းမျိုးစုံ ၈ လုံးကိုလည်း ရှင်းလင်းဖယ်ရှာပေးခဲ့တယ် “လို့ ပြောပါတယ်။

မနေ့ကနဲ့ ဒီကနေ့ မနက်ပိုင်းမှာ မီးရှို့ခံရတဲ့ ချွန်ကျုံးကျေးရွာဟာ လူနေအိမ်ခြေ ၄ ရာဝန်းကျင်ရှိပြီး လူဦးရေ ၃ ထောင်ကျော် နေထိုင်တဲ့ တောင်ပေါ်ရွာကြီး တခုဖြစ်ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် အလယ်ပိုင်း ဟားခါးမြို့နယ်ဟာ မြင့်မားရှည်လျားတဲ့ တောင်တန်းကြီးတွေပေါ်မှာ တည်ရှိပြီး လူနေအိမ် အဆောက်အဦး ဆောက်နိုင်ဖို့ အခြေခံကုန်ကျစရိတ် အရမ်းများတဲ့ ဒေသတခုဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ အောက်တိုဘာကစလို့ ဒီနှစ် ဇွန်လအထိ ချင်းပြည်နယ်၊ ထန်တလန်မြို့ဟာ အကြိမ် ၃၀ ကျော် မီးရှို့ခံရပြီး လူနေအိမ် ၁ ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာတွေဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဟားခါး

Related posts

Leave a Comment

VOM News

FREE
VIEW