နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်း ဒေါ်လာတွေကို မြန်မာငွေနဲ့လဲလှယ်ရမယ်လို့ အသိပေး

ဇူလိုင် ၁၆-၂၀၂၂
VOM (GG)

နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်းထဲက နိုင်ငံ ခြားငွေတွေကို မြန်မာကျပ်ငွေ လဲလှယ်ရမယ်လို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်လိုက်ပါတယ်။

ဒါ့ကြောင့် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း(AD) လိုင်စင်ရဘဏ်တွေအနေနဲ့ ကုမ္ပဏီ နိုင်ငံခြားငွေစာရင်းက လက်ကျန်ငွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ဝယ်ယူခြင်းကို ဇူလိူင်လ ၁၈ ရက်နေ့နောက်ဆုံးထား လုပ်ဆောင်ဖို့ မနေ့ ဇူလိူင်လ ၁၅ ရက်နေ့စွဲနဲ့ အသိပေးစာထုတ်ပြန်ထားတာ​ဖြစ်ပါတယ်။

” ထုတ်ပြန်ချက်တွေကတော့ ဆက်တိုက်ကိုထွက်နေတာ။ နိုင်ငံခြားငွေစာရင်းလက်ကျန်တွေကို မြန်မာငွေနဲ့ လဲမယ်ဆိုတော့ လုပ်ငန်းတွေက အဆင်မ​ပြေတာတွေဖြစ်လာနိုင်တယ်။ကြာရင် ရင်းနှီးမြှုပ်နှံမှုတွေတောင် လျော့လာနိုင်တယ်။ ဒေါ်လာလိုအပ်ချက်ကိုပဲကြည့်ပြီး အကုန်လုပ်နေတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ကုန်မှာစိုးရတယ်။နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေက အများကြီးလေ ၊စောင့်ကြည့်ရမှာပေါ့ “လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

နိုင်ငံခြားငွေကို မြန်မာကျပ်နဲ့လဲလှယ်ဝယ်ယူတဲ့အခါ ဗဟိုဘဏ်သတ်မှတ်စျေး တဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ရောင်းချရတာဖြစ်ပြီး ပြင်ပဒေါ်လာပေါက်စျေးကတော့ အမေရိကန်တဒေါ်လာကို ၂၂၀၀ ကျပ်အထိ ရှိနေတာကြောင့် လုပ်ငန်းရှင်တွေအတွက် ဒေါ်လာအသုံးပြုခွင့်ကန့်သတ်ချက်က အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။

” ကျနော် တို့ဆီကဝယ်တော့ ၁၈၅၀ ပဲရတယ်။ကျနော်တို့လိုအပ်လို့ပြန်ဝယ်တော့ သူတို့ဝယ်စျေးနဲ့ပြန်မရောင်းပေးနိုင်ဘူး။အဲ့ဒီတော့ ပြင်ပစျေးကွက်မှာ ဝယ်ရတယ်။တဒေါ်လာ ၂၂၀၀ ထိပေါက်တယ် ၊တဒေါ်လာဆိုရင် ၃၅၀ ရှုံးနေပြီ။ လုပ်ငန်းရှင်ထိရင် တောင်သူတွေ ၊ ပြည်သူတွေအကုန်လိုက်ထိမှာပဲ ” လို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဗဟိုဘဏ်ကတော့ ဘဏ်တွေအနေနဲ့ သူတို့ညွှန်ကြားထားတဲ့ အချက်တွေအပေါ် လိုက်နာဆောင်ရွက်ဖို့ နဲ့ ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၅ အရ အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဇူလိူင်လ ၁၃ ရက်နေ့ကလည်း ပြည်တွင်းမှာ နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေကို အရင် နိုင်ငံခြားသုံးငွေကန့်သတ်ချက် ကင်းလွတ်ခွင့်ပြုထားရာကနေ ပြန်လည်ပယ်ဖျက်ထားတာလည်း ဖြစ်ပါတယ်။

နောက်ပြီး ပြည်ပချေးငွေရယူထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်ပဘဏ်ချေးငွေ အတိုး နဲ့ အရင်းကို အခုကာလမှာ ပြန်ဆပ်တာတွေ ရပ်ထားဖို့ကိုလည်း အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာနေထ်ုင်ပြီး ပြည်ပဝင်ငွေရရှိသူတွေအနေနဲ့လည်း ရရှိလာတဲ့နိုင်ငံခြားငွေကို နေ့ချင်းအပြီး ဗဟိုဘဏ်သတ်မှတ်တဲ့နူန်းနဲ့ မြန်မာငွေ ချက်​ခြင်းလဲလှယ်ရမယ်လို့လည်း သတ်မှတ်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နိုင်ငံခြားငွေစာရင်း ဒေါ်လာတွေကို #မြန်မာငွေနဲ့လဲလှယ်ရမယ်လို့ #အသိပေး

Related posts

Leave a Comment

VOM News

FREE
VIEW