ရွှေဘိုမှာ လူသတ်ပြီး နေအိမ်အတွင်းပစ္စည်းတွေ ဓားပြတိုက်ယူဆောင်သွားမှု ဖြစ်ပွား

ဇူလိုင် ၊ ၁၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ၊ အမှတ် ၆ ရက်ကွက်မှာ တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ၁ ဦးရဲ့နေအိမ်ကို မနေ့ ဇူလိုင် ၁၅ရက် ည ၉ နာရီဝန်းကျင်က ဓားပြတိုက်ခံရပြီး အိမ်ရှင် အသတ်ခံရကာ မော်တော်ကားနဲ့ အတွင်းပစ္စည်းတွေ ပါသွားတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။

” အိမ်ရှင်က အသတ်ခံလိုက်ရတယ် ၊ နောက်ပြီး ကားနဲ့ ပိုက်ဆံအိတ် ၊ ဖုန်းတွေ ပါသွားတယ် ” လို့ ရွှေဘို အမှတ် ၆ ရပ်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြမှုနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” အမှတ် ၆ ရပ်ကွက်ထဲက ဒေါ်ခင်ဥမ္မာဝင်း အသက် ၅၀ နှစ်ရဲ့ နေအိမ်ကို လူ ၃ ယောက်ဝင်လာပြီး လူသတ် ဓားပြတိုက်သွားတာပါ ၊ အိမ်ရှင် ဒေါ်ခင်ဥမ္မာဝင်းကို သတ်ပြီး Mark ll ကား ၁ စီး ၊ ဖုန်း ၃ လုံးနဲ့ ပိုက်ဆံအိတ် ပါသွားတာ “လို့ ပြောပါတယ်။

အဲ့ဒီ လူသတ် ဓားပြမှုနဲ့ ပတ်သက်ပြီး ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရွှေဘိုဒေသခံတွေရဲ့ ပြောပြချက်အရ လူသတ်ဓားပြတိုက်ခံရတဲ့ နေအိမ်ဟာ ရွှေဘို တက္ကသိုလ် အငြိမ်းစာ ပါချုပ်ရဲ့နေအိမ်ဖြစ်တယ်လို့ သိရပေမယ့် VOM က အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါ့အပြင် ရွှေဘိုမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ အခြားပစ္စည်းတွေ ပျောက်တာ အခိုးခံရတာနဲ့ လုယက်ခံရတာတွေ ဖြစ်ပွားခဲ့ပေမယ့် လူသတ် ဓားပြတိုက်ခံရတဲ့ ဖြစ်ပွားမှာကတော့ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW