ဆူးငှက်
၁၉၉၉-၂၀၀၀ပြည့်နှစ် မန္တလေးမြို့မတူရိယာအသင်း စိန်ရတုသဘင်အခမ်းအနားအတွက် ပြင်ဆင်နေဆဲကာလတွင် ၈၆ လမ်းနှင့် ၂၁ လမ်းထောင့်ရှိ မြို့မအသင်းတိုက်သို့ အပတ်စဉ် စနေနေ့တိုင်း ရောက်ဖြစ်နေသည်။ အသင်းတိုက်ရှေ့ ပိတောက်ပင်အောက် ခုံဝိုင်းလေး၌ ထိုင်ရင်း မြို့မအသင်း နာယကလူကြီးများထံမှ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာများ နာကြားရသည်မှာ အရသာရှိလှသည်။
ထိုစဉ်က အသက် ၉၀ နားနီးနေသော်လည်း နာယကကြီး တောင်မြို့ဦးကိုလေးမှာ အလွန်မှတ်မိ တက်ကြွလှသည်။ သူ့မိတ်ဆွေ ကိုသန့်နှင့် ကိုညိန်း အကြောင်းများပြောလျှင် မမောနိုင်မပန်းနိုင်….၊ ကျွန်တော်ကလည်း အချိန်ရလျှင်ရသလို သိလိုသည်များ မေးမြန်းရသည်။
“အဘရေ … အသံချဲ့စက်က သီချင်းတစ်ပုဒ် ဖွင့်နေသံကြားရင် လူမမြင်ရ၊ အရုပ်မမြင်ရပေမဲ့ ဒါမြို့မလို့ နားကသိတယ်။ ကဲ သီချင်းကမှ ဆရာငြိမ်းသီချင်း၊ ဦးဘသိန်းသီချင်းလို့ ခွဲသိပြီး မြို့မလို့ တပ်အပ်ပြောနိုင်တာမျိုး ရှိနိုင်သေးတယ်။ ဥပမာဆိုပါတော့ ဆရာ … ယိုးဒယားကန်တော့ခန်းလို တီးလုံးကိုပဲ မန္တလေးက အသင်းချင်းအတူတူ ဒါ မြို့မပဲလို့ တတ်အပ်ပြောနိုင်တယ်။ အဲလို အခြားတီးဝိုင်းတွေနဲ့ ခွဲပြီး သိနိုင်တဲ့ ထူးခြားမှုတွေ မြို့မမှာရှိတာ ငေချာတယ်။ အဲဒီထူးခြားမှုတွေက ဘာတွေလဲ အဘ …” ဟု တစ်နေ့တွင် နာယကကြီး ဦးကိုလေးအား မေးမြန်းမိသည်။
နာယကကြီးက ကျွန်တော့်ကို ပြုံးကြည့်ပြီး ခေါင်းတညိတ်ညိတ် လှုပ်နေသည်။
“ကိုရင်လေးမေးတော့ ချက်ချင်းမဖြေသေးဘူး။ ကိုယ်သေချာစဉ်းစားပြီးမှဖြေမယ်” ဟု ပြောခဲ့သည်။
နောက်တော့ … ထုံးစံအတိုင်း ကျွန်တော်ကလည်း မေ့မေ့ပျောက်ပျောက် ….။ နာယကကြီး ကလည်း အရွယ်နှင့်မမျှသော တာဝန်ယူမှုများဖြင့် အလုပ်ရှုပ် ….။
xxx xxx xxx
တစ်နှစ်သော ဂိမာန်နွေဦးနေ့တစ်နေ့တွင် အမရပူရ တောင်လေးလုံးကျောင်းတိုက်သို့ အမှတ်တရပွဲ တစ်ပွဲသွားဖြစ်သည်။ ကျွန်တော်က နည်းနည်းနောက်ကျ…။ သူဌေးဘုရား ရင်ပြင်တွင် ခင်းကျင်းထားသော ပလတ်စတစ်ရောင်စုံ ဖျာချပ်များပေါ်၌ပင် နေပြောက်များထိုးကာ အပူရှိန် ကျရောက်နေပြီ။ ဆရာတော့်ကျောင်းသင်္ခဏ်းဘက် စက္ကူပန်းရုံ၏ အရိပ်ကျရာ ရင်ပြင်အစွန်းနေရာတွင် လက်ကျန် စကားဝိုင်းတစ်ဝိုင်းက လက်ဖက်ခွက်နှင့် အရှိန်ရနေဆဲဖြစ်၏။
ကျောင်းပေါက်ဝမှ လွယ်အိတ်ဒရင့်တိုက်နှင့် ဝင်လာသော ကျွန်တော့ကိုမြင်တော့ ….“လာ … လာ.. ၊ ဒီမှာ မြို့မနာယကကြီးက မောင်ရင့်ကို မနက်ကတည်းက မေးနေတာ၊ လာမှာပါလို့ ပြောထားရတယ်” ဟု ဆရာတစ်ယောက်က လှမ်းခေါ်သည်။ ကျွန်တော်လည်း ဝိုင်းသို့ဝင်လိုက်၏။ အား လူကြီးတွေချည်းပါလား။
မြို့မနာယကကြီး တောင်မြို့ ဦးကိုလေးက “ကိုရင့်ကိုစောင့်နေတာ။ ကိုရင်မေးထားတဲ့ မေးခွန်းကို ဒီနေ့ဖြေမလို့ပဲ။သေသေချာချာ နားထောင်” ဟု ဆိုမှ ကြက်သီး ဖျန်းခနဲထမျှ ဝမ်းသာသတိရသွားသည်။ လွန်ခဲ့သောတစ်နှစ်ကျော်က ကျွန်တော်မေးမိလေသော မေးခွန်း…။
လူငယ်တွေကသာ ပြီးပြီးရော .. မလေးနက်ခဲ့တာ …။ လူကြီးတွေက ဘယ်အရာမှ ပေါ့ပေါ့တန်တန် သဘောမထား …။ စနစ်ကျသည်။လေးနက်သည်။ဖြတ်သန်းရသည့် ခေတ်၏သင်ကြားမှုများနှင့် ဆိုင်မည်ထင်သည်။ ထား ….။
“ကိုရင်လည်း သိတာပဲ ..။ ကိုညိန်းနေတာ ရှေ့တော်ပြေးဝင်းမြောက်ပေါက်၊ ရွာစားကြီးစိန်ဗေဒါနဲ့ အိမ်ချင်းကပ်လျက် …။ နောက်မှသာ ရွာစားကြီးက
နေရှင်နယ်ကျောင်းနားပြောင်းသွားတာ။ ကဲ … ထားတော့ …။ ကိုညိန်းနဲ့ရွာစားကြီးနဲ့က အိမ်ချင်းကပ်လျက်..။ ရွာစားကြီးအိမ်က တီးသံမှုတ်သံတွေကို မွေးကတည်းက ကြားခဲ့ရတာ …။ ကိုညိန်းမှာပါခဲ့တဲ့ ဂီတအထုံ၊ ဂီတပါရမီ၊ ဂီတမျိုးစေ့ကို ရွာစားကြီးရဲ့ ဆိုင်းသံဝိုင်းသံတွေက ပိုမိုကြီးထွား တိုးတက်လာအောင် မြေတောင်မြှောက်ပေးခဲ့တာ ဆိုရင်လည်း မမှားဘူးနော် …။
ကိုညိန်းရဲ့ လက်ဦးဆရာ ကလည်း ရွာစားကြီးဆိုရင် မမှားဘူး။ ကိုညိန်းကိုယ်နှိုက်က ရွာစားကြီးကို အလွန်လေးစား၊ အလွန်တန်ဖိုးထားခဲ့တာ …။ ရွာစားကြီး ဆိုင်းဝိုင်းရှိရာ ကိုညိန်းက ကျုပ်တို့အပါအဝင် သူ့အဖွဲ့သားတွေနဲ့ တကူးတကန့် သွားပြီး နားထောင်စေခဲ့၊ မှတ်သားစေခဲ့တာ…။
ရွာစားကြီး တီးပုံ၊ အကွက်ဖော်ပုံ၊ အဆစ်ပေးပုံ၊ အတောအသတ်၊ အတိုအရှည်တွေကအစ သေချာမှတ်သားကြရတာ …။ ကိုသန့် ဆိုတာကလည်း ဓားတန်းက သူ့တိုက်ကြီးပေါ် ဆိုင်းဝိုင်းကြီး တင်ထားပြီး ရွာစားကြီးကို ပင့်ဖိတ်ပြီး သင်ရိုးကုန် ပညာယူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်…..။
ကဲ … ကိုရင် နားအလည်လွယ်ဆုံး စကားလုံးနဲ့ ပြောလိုက်မယ်။ ကိုသန့်တို့ ကိုညိန်းတို့ကအစ ကျုပ်တို့ မြို့မတစ်ဖွဲ့လုံး စကတည်းက စိန်ဗေဒါညှော်မိနေ၊ ညှော်ဝနေကြတာကွဲ့ ….” နာယကကြီး တောင်မြို့ဦးကိုလေးက စကားကိုနားပြီး လက်ဖက်ရည်ကြမ်းတစ်ခွက် သောက်လိုက်သည်။
ညှော် ……။
စိန်ဗေဒါ ညှာ်…။
ဟုတ်သည်။ ဒါဆိုလျှင် အတော်ရှင်းသည်။
နာယကကြီးက စကားဆက်သည်။ မန္တလေး လေးပြင်လေးရပ် ဘယ်နားမှာပဲ ရွာစားကြီးဆိုင်းအဖွဲ့ရှိရှိ ကျုပ်တို့တစ်ဖွဲ့လုံးက သေသေချာချာ သွားပြီး နားထောင်ကြတာ။ ရွာစားကြီးဆိုင်းက တူရိယာအားလုံး တီးပုံ၊ မှုတ်ပုံကို ကျုပ်တို့တစ်ဖွဲ့လုံးက ပါးစပ်ဆိုင်းနဲ့ တီးလုံးတွေ မှတ်ခဲ့ကြတာ …။ အဆစ်တွေမှတ်ခဲ့ကြတာ …၊ ရွာစားကြီး ဆိုင်းပတ်စာခွာမှ ပြန်ကြတာ။ အပြန်မှာလည်း လမ်းမှာ ပါးစပ်ဆိုင်းသံ တညံညံနဲ့ပေါ့ …။စောစောကမှ နားထောင်ပြီး မှတ်ခဲ့ကြတဲ့ တီးလုံးတွေကို ပါးစပ်ဆိုင်းနဲ့ အကွက်ကျကျ ပြန်တီးခဲ့ကြတာလေ။ ရွာစားကြီးတီးသမျှ သီချင်းကြီးသီချင်းခံ မဟာဂီတနဲ့ပတ်စမ်း မကျန် အကုန် အလွတ်ရနေကြတာ။
ကိုညိန်းသီချင်းတွေကလည်း မဟာဂီတအသွားတွေနဲ့ မလွတ်ဘူးလေ…။ အမြဲတမ်းပါတယ်။ ဆရာတင့် သီချင်းတွေဆို ပိုပြီးပါသေးတာ …။ ကိုင်း … သူတို့ သီချင်းတွေကို တို့အဖွဲ့က တီးကြမှုတ်ကြတော့ ဂီတသင်္ကေတ(note) တွေထဲမှာ မပါပေမယ့် ကလယ်ရီနက်သမားတွေလည်း စိန်ဗေဒါ့အသွားကို အလွတ်ရနေပြီး လျှာခင်အဖိအဖော့က အလိုအလျှောက်ပါလာတာ …။ ထရန်ဘုန်းသမားဆိုပါတော့။ စိန်ဗေဒါ့ပတ်မချက်အတိုင်း လျှာခင်ကိုလျှာနဲ့ အပိတ်အဆို့ အလိုလိုဖြစ်ကုန်တာ…။ ပြီးတော့ အသံခန့်ခွဲမှုတွင်ကလည်း လေမှုတ်တွေ၊ စန္ဒရားတွေ၊ တယောတွေနဲ့ပေမယ့် ဆိုင်းဝိုင်းကြီးက ခန့်ခွဲမှုမျိုး အဆို့အပိတ် ဌာန်၊ မာန်မျိုးဖြစ်နေတာ …။ အဲဒါ မြို့မ မူပဲ။ ထူးခြားပြီး ကွဲထွက်လာတဲ့ မူပဲ ….” နာယကကြီး တောင်မြို့ဦးကိုလေးက သေချာရှင်းပြသည်။
ထို့နောက် နမူနာအနေနှင့် ဆရာမြို့မငြိမ်း၏ “မေဓာဝီ” သီချင်းမှ မဟာဂီတအသွားတစ်ခု၏ ပတ်မအဆို့အပိတ်များနှင့် လေမှုတ်တူရိယာများ၏ အဖြတ်အတောက် အဝင်အထွက်များကို ပါးစပ်ဆိုင်းဖြင့် တီးမှုတ်ပြ၏။
xxx xxx xxx
ညှော် …. တဲ့။
ဓားတန်းဦးသန့်တို့၊ မြို့မငြိမ်းတို့နှင့် မန္တလေး မြို့မတူရိယာအသင်းသားတွေက ရွာစားကြီး စိန်ဗေဒါ ညှာ်မိခဲ့သည်။ ညှော်ဝခဲ့သည်။ ထိုထိုဆရာများနှင့် ထိုအသင်း၏ သီချင်းဂီတစသော အနုပညာပစ္စည်းများကား တစ်မျိုးတစ်ဘာသာ ဆန်းသစ် ထူးခြားခြင်းက ထို “ညှော်” ကိုလည်း မန္တလေးမှာ အထူး အလေးအနက် တန်ဖိုးထားကာ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ ထို “ညှော်” ကား သာမညမဟုတ်။
ရွှေနန်းတော်ထက်ဖွား၊ အမျိုးသားအမွေအနှစ် “ညှော်” ဖြစ်သည်။ ထိုတန်ဖိုးကို နားလည်မြတ်နိုးသူတိုင်းက လက်ဆင့်ကမ်း တလေးတစား အမွေဆက်ခံခဲ့ကြ၏။ စန္ဒရား ဦးသိမ်းမောင်၏ စန္ဒရားတပည့်ဖြစ်ခဲ့သူ (ကို)မောင်မောင်(အဉ္ဇလီ)အထိ ဆိုပါစို့ ….။
စန္ဒရား ဦးသိမ်းမောင်ဆိုတာ ဓားတန်းဦးသန့်၊ မြို့မငြိမ်းတို့ထံမှ ဂီတအမွေဆက်ခံသူ …။ ချစ်သမျှကို…၊ ပန်းမြိုင်လယ်တို့ကို အနောက်တိုင်း နည်းစနစ် လက်ဆယ်ချောင်းဖြင့် ဆန်းသစ်စွာ တီးခတ်ခဲ့သူ….။
၁၉၅၅ မှ ၁၉၆၀ အတွင်းဝန်းကျင်များကတည်းက ဖြစ်မှာပေါ့ ….။ ။
#voiceofmyanmar #VOM #ဆူးငှက်