ငွေကြေး ကွာဟမှု မြင့်တက်လာတာကြောင့် ကုန်သည်တွေ အခက်အခဲဖြစ်နေ

ဇူလိုင် ၂၁၊ ၂၀၂၂
Shy V(VOM)

မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေအနေနဲ့ ငွေကြေး ကွာဟမှု မြင့်တက်လာတာကြောင့် ကုန်သည်တွေ အခက်အခဲဖြစ်နေကြရ​တယ်လို့ သိရပါတယ်။

“ငွေကြေးကွာဟမှုက တဖြည်းဖြည်း ကြီးသထက်ကြီးလာတော့ ဘာမှလုပ်မရဘူး ဖြစ်နေတယ်။” လို့ မူဆယ်နယ်စပ်က Export ကုန်သည် ၁ ဦးက ပြောပါတယ်။

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက ၁ ဒေါ်လာကို ၁၈၅၀ ကျပ်သာရှိနေ‌ပေမယ့် ဇူလိုင်လ ၂၀ ရက်မှာ ပြင်ပငွေလဲနှုန်းက ၁ ဒေါ်လာကို ၂၄၅၀ ကျပ်ဝန်းကျင်ထိ ပေါက်ဈေး ရှိလာတာကြောင့် ၁ ‌ဒေါ်လာ မှာ ၆၀၀ ကျပ်ခန့်ထိ ကွာဟလာခဲ့ပါတယ်။

ဒေါ်လာရောင်းရတဲ့စျေးနဲ့ ဝယ်ရတဲ့စျေးက တနေ့ထက်တနေ့ ကွာခြားမှုကြီးလာလို့ ကုန်သည်တွေအရောင်းအဝယ်လုပ်ရတာ ရောင်းပြီးတာနဲ့ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

” ယွမ်ကနေ ဒေါ်လာ ပြန်ပြောင်း လိုက်တော့ လိုက်လျောညီထွေမှု ဖြစ်အောင် လုပ်နေရချိန် ငွေကြေး လဲလှယ်နှုန်း ကွာဟမှု ကြီးလာတာကြောင့် ခက်ခဲသွားရတာပါ၊ ငွေပေးချေမှုမှာ ယွမ် ကနေ ဒေါ်လာ ပြန်လည် သတ်မှတ်တဲ့ အပြောင်းလဲ တွေ အပြင် ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း ပုံသေသတ်မှတ်ထားတဲ့ စနစ်ကြောင့် အဆင်မပြေမှုတွေ ဖြစ်နေတယ်၊ ကုန်တွေ မတင်ပေးတာ ရှိသလို တင်ပြီးသား ကုန်တွေ ပြန်ချတာလည်းရှိတယ်၊ ချေခိုင်းတဲ့ ဈေးက ၁၈၅၀ တဲ့။ ပေါက်ဈေးက ၂၀၀၀ ကျော် ရှိတယ်လေ။ အဲမှာတင်ရှုံးနေပြီ။”လို့ ကုန်တင် ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

လတ်တလော ကျင်စန်းကျော့ကနေ တရုတ်ဘက် ကုန်သွယ်မှုကတော့ နေ့စဉ် ပုံမှန်ကုန်သွယ်မှုရှိနေပြီး တရုတ်ဘက်က Import တစီး ဝင်ရင် မြန်မာဘက်က Export တစီး ထွက်ခွင့်ရပေမယ့် ငွေဈေး ဂယက်ကြောင့် အဝင်အထွက် ကားအစီးရေ ပုံမှန်ထက် အနည်းငယ် လျော့သွားတယ်လို့လည်း သိရပါတယ်။

ယွမ်ငွေနဲ့ သတ်မှတ် ကုန်သွယ်ချိန်မှာလည်း ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ငွေ လဲလှယ်ရတာဖြစ်တယ်လို့ မူဆယ်နယ်စပ်က Export ကုန်သည် ၁ ဦးက ပြောပါတယ်။

တရုတ်ဘက်ခြမ်း ရွှေလီနယ်စပ်မှာလည်း တရုတ်ငွေ အလုံအလောက် လဲလှယ်လို့ မရလို့ ခက်ခဲနေတာရှိတယ်လို့ မြန်မာကုန်ဂိတ် လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။

ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတိုင်း ပို့ကုန်ရငွေဖြစ်တဲ့ နိုင်ငံခြားငွေကိုလည်း ၄၅ ရက်အတွင်း မဖြစ်မနေ ပြည်တွင်းဘဏ်တွေမှာ ကျပ်ငွေနဲ့လဲလှယ်ကာ စာရင်းထည့်သွင်းရမှာဖြစ်ကြောင်းနဲ့ ပို့ကုန်လိုင်စင် သက်တမ်းကို ၁ လ ခွင့်ပြုဖို့ ဇူလိုင်လ ၂ ရက်နေ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ထုတ်ပြန်ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

Photo-ThM
#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW