မြန်မာနိုင်ငံမှာ ဒေါ်လာပြတ်လပ်မှုနဲ့ ငွေပေးခြေမှု စိုးရိမ်စရာဖြစ် ၊ ကုန်စျေးနှုန်းဆက်လက်မြင့်တက်နိုင်ပြီး စီးပွားရေးအလားအလာ နိမ့်ပါးနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်

ဝါရှင်တန်၊ ဇူလိုင်-၂၁-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ ဒေါ်လာရှားပါးမှုနဲ့ ကာလရှည်ကြာ ပြည်တွင်းပဋိပက္ခတွေဖြစ်ပွားမှုဟာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့ရတဲ့ စီးပွားရေးပြန်လည်နာလန်ထူရေးမှာ စိန်ခေါ်မှုတွေရှိနေတာကြောင့် မြန်မာ့စီးပွားရေး အလားအလာဟာ နိမ့်ပါးနေသေးကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလကုန်ထိ ဘဏ္ဍာရေးနှစ်အတွက် ဂျီဒီပီတိုးတက်မှုနှုန်းဟာ ယခင်မျှော်မှန်းထားတာထက် ကောင်းမွန်ခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ်ဂျီဒီပီဟာ ၂၀၁၉ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်းလျော့နည်းမယ်လို့ အာရှဒေသအတွက် ကမ္ဘာ့ဘဏ်က ဇူလိုင် ၂၁ ရက်မနက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ပြောပါတယ်။
လောင်စာဆီအပါအ၀င် တင်သွင်းလာတဲ့ကုန်ပစ္စည်းအများအပြား ရရှိနိုင်မှုကို ကန့်သတ်ထားပြီး အမေရိကန်ဒေါ်လာပြတ်လပ်မှုနဲ့အတူ ငွေပေးချေမှုအခြေအနေတွေဟာ အလွန်စိုးရိမ်စရာဖြစ်ပြီး ကုန်စျေးနှုန်းတွေ ဆက်လက်မြင့်တက်နေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကပြောပါတယ်။

နိုင်ငံရဲ့နေရာအတော်များများမှာ ပြင်းထန်နေတဲ့ပဋိပက္ခတွေက စီးပွားရေးတိုးတက်မှုတွေကို ဆက်လက်အဟန့်အတားဖြစ်စေတာကြောင့် မကြာမီကာလတွေအတွင်း ကပ်ရောဂါမတိုင်ခင်အချိန်ကလိုမျိုး စီးပွားရေးအခြေအနေပြန်ဖြစ်ဖို့ မလွယ်ဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်ဖြစ်ပွားခဲ့သော နိုင်ငံရေးအပြောင်းအလဲဟာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိနေဆဲဖြစ်ပြီး မကြာသေးမီက မူဝါဒပြောင်းလဲမှုတွေဟာ စီးပွားရေးကျဆင်းမှုအပေါ် ထပ်လောင်းအန္တရာယ်များစေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မတ်လအတွင်းငွေကြေးဖောင်းပွမှုဟာ ၁၇ ဒသမ ၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကန့်သတ်ချက်တွေဟာ ယခင်ကပြုပြင်ပြောင်းလဲမှုတွေအပေါ် အခက်တွေ့စေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Bloomberg
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW