ရခိုင်မှာ စစ်ရေးတင်းမာမှု အရှိန်မြင့်လာ

ဇူလိုင် ၂၁-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဇူလိုင်လ ၁၈ ရက်နေ့က တပ်မတော်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရခိုင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဇူလိုင် ၁၉ ရက်နေ့မှာ အေအေက ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ထိတွေ့တိုက်ပွဲမှာ နယ်ခြားစောင့်ရဲ ၁၄ ဦးကို အေအေက အရှင်ဖမ်းဆီးရမိကြောင်းနဲ့ အဲဒီ တိုက်ပွဲတွေမှာ တပ်မတော်ဖက်က (၂၀) ကျော် ကျဆုံးခဲ့ကြောင်း မနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လူမှုကွန်ရက်ကနေတဆင့် ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီလို ထုတ်ပြန်ရာမှာ ဖမ်းဆီးရမိတဲ့ နယ်ခြားစောင့်ရဲတွေရဲ့ အမည်၊ရာထူး စာရင်းကိုပါ ထုတ်ပြန်ထားတဲ့အပြင် လက်နက်ခဲယမ်း မီးကျောက်တွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို တိုက်ပွဲနှစ်ကြိမ်အတွင်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဇူလိုင် ၁၈ ရက် မနက် ၉ နာရီလောက်က ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်မှာ တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြအရ သိရပြီး အဲ့ဒီလှုပ်ရှားမှုတွေအပေါ် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြ​တယ်လို့ ပြောပါတယ်။

ရသေ့တောင်မြို့ဒေသခံတဦးက “မြို့နဲ့နည်းနည်းဝေးတဲ့ ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ မြို့ထဲကို ဝင်ပြေးလာကြတယ်။ ကြောက်ပြီးတော့ ကလေးတွေနဲ့ မြို့ထဲကို ဝင်ပြေးကြတယ်။ စေတီတောင်အနောက်ဘက်က စစ်ဘေးရှောင်စခန်းတွေက နီးစပ်ရာဆွေမျိုးတွေဆီကို ပြေသူပြေးနေကြရတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့အထိ တပ်မတော်က မြို့တွင်းမှာ လှည့်လည်သွားလာတာတွေအပြင် ရသေ့တောင်မြို့အရှေ့ဘက် ကားလမ်းအနီးက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စခန်းချနေထိုင်နေကြ​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက “အခုဆိုရင် စားဝတ်နေရေးအခက်အခဲ၊ ပိုက်ဆံလည်းမရှိဘူး။ သူတို့(တပ်မတော်)ဖက်က မြို့ထဲကို ဝင်တာတွေရှိတယ်။ ဒါကြောင့် ကြောက်လို့ ထွက်ပြေးလာကြတယ်” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း ပြားချောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်နေသလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ပြားချောင်းကြီးကျေးရွာထဲကို ဝင်ရောက်လာပြီး စစ်ဆေးမှုတချို့ပြုလုပ်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ပြားချောင်းကြီးကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာ (၃) ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ၃ ရက်ရှိပြီ ဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ကျမတို့ ရွာကိုမပြန်ရသေးဘူး။ တခြားရွာတွေကို တိမ်းရှောင်နေရတယ်။ အခုဆိုရင် စားဝတ်နေရေးအပြင် အမျိုးမျိုးအခက်အခဲရှိလာတယ်။ ဒါကြောင့် တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်မိပါတယ်” လို့ ပြားချောင်းကြီးကျေးရွာက ထွက်ပြေးလာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီလို ပြားချောင်းကြီးကျေးရွာထဲကို တပ်မတော်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာမှုကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေရကြောင်း ပြားချောင်းကြီးရွာက ဒေသခံအမျိုးသမီးက ပြောပါတယ်။

အဲဒီလို ထွက်ပြေးကြရာမှာ ပြားချောင်းကြီးကျေးရွာအပြင် အနီးအနား ပတ်ဝန်ကျင်ကျေးရွာတချို့က ဒေသခံတွေလည်း ရသေ့တောင်မြို့ပေါ်ကို ရေကြောင်းကနေ တဆင့်ထွက်ပြေးနေရ​တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တပ်မတော်ဖက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုးကိုတော့ မတွေ့ရသေးပါဘူး။

အခုလို နှစ်ဖက်စစ်ရေးတင်းမာမှုတွေဟာ ပြည်သူတွေအပေါ် ကြီးမားတဲ့ရိုတ်ခတ်မှုတွေရှိနေပြီး အထူးသဖြင့် အရပ်သားတွေဖမ်းဆီးခံနေရတာတွေ တွေ့ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းက ပြောပါတယ်။

“ကျနော်တို့ အရပ်ဘက်မှာကတော့ ပြည်သူတွေ ကျီးလန့်စာစားနေရတဲ့အခြေအနေပါ။ ဘယ်အချိန်မှာ ဘယ်လိုအခြေအနေတစ်ခု ဖြစ်လာမလဲ။ ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတဲ့အခြေအနေမှာ သွားရ၊ လာရတာတွေ အကုန်လုံး တထိတ်ထိတ် တလန့်လန့်နဲ့ပါ။ အခုနောက်ပိုင်းမှာ ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရတဲ့ အနေအထားဖြစ်ပါတယ်” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းဖြစ်တဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ပြောဆိုဆွေးနွေးလို့ ရအောင် ဖြေလျော့စေချင်ကြောင်း သူက ဆက်ပြောပါတယ်။

“တိုက်ပွဲက ဖြစ်လည်း ဖြစ်နေကြတယ်။ နှစ်ဖက် တင်းမာမှုတွေဖြစ်လာရင်တော့ ဒီထက် အခြေအနေတွေဆိုးသွားနိုင်လား၊ ပြင်းထန်လာနိုင်လားဆိုတဲ့ဟာကတော့ကျနော်တို့ အရပ်ဘက်အနေနဲ့ ခန့်မှန်းရခက်ပါတယ်” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်တွေ သောင်းနဲ့ချီရှိနေပြီး နေရပ်ပြန်သွားကြတဲ့ စစ်ဘေးရှောင်တွေဟာလည်း မိုင်းအန္တရာယ်တွေကို ခံစားနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၀ ပြည့် နှစ်ကုန်ပိုင်းအထိ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ကျေးလက်နေပြည်သူ ၂ သိန်းနီးပါးဟာ စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့ရပါတယ်။

အခုလို စစ်ရေးတင်းမာမှု အရှိန်မြင့်တက်နေတဲ့အခြေအနေတာကြောင့် ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး ပြားချောင်းကြီးနဲ့ ပတ်ဝန်းကျင်ရွာတွေက ဒေသခံ (၆၀၀) လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေတွေ ရှိပါတယ်။

ဒီအခြေအနေတွေအပေါ် ရခိုင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်ဟောင်း ဦးထွန်းဝင်း​က “စစ်ဘေးရှောင်တွေက အခုအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။ စစ်ဘေးရှောင်စခန်းမှာ ၂၀၁၉၊ ၂၀၂၀ နှစ်တွေကတည်းက ဖြစ်ခဲ့တာဆိုတော့ ၃ နှစ်လောက်ရှိပါပြီ။ ဒီကာလဟာ နည်းတဲ့ကာလမဟုတ်ဘူး။ သူတို့ဟာ စစ်ဘေးရှောင်စခန်းတွေမှာ စိတ်ဆင်းရဲမှုပေါင်းစုံ၊ မပြည့်စုံမှုတွေနဲ့ ရှင်သန်နေကြရတာဖြစ်ပါတယ်။ ဒီအချိန်မှာ စစ်ရေးလက္ခဏာတွေပိုပြလာတဲ့အခါ သူတို့ရဲ့ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်တွေက ပိုအလှမ်းဝေးသွားစေပါတယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။

တပ်မတော်နဲ့ အေအေတို့ဟာ နှစ်ဖက်နားလည်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့် နှစ်ကုန်ပိုင်းက အပစ်ရပ်ထားကြတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု တခန်းရပ်တန့်သွားခဲ့ပြီး သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေထဲက တချို့ဟာလည်း နေရပ်ကို ပြန်သွားကြပါတယ်။

အဲဒီလို နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ကြားထဲက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တကြိမ်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက တကြိမ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီနောက် ပြည်နယ်တွင်း တည်ငြိမ်မှုဟာ ခပ်လှုပ်လှုပ်ဖြစ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွေဖြစ်တဲ့ မေလနဲ့ ဇွန်လတွေမှာတော့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ကြောင်း သိရပြီး အဲဒီမတိုင်ခင် အေအေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ULA နဲ့ ဆက်စပ်သူတွေ၊ အဖွဲ့ဝင်လို့ သံသယနဲ့ ဖမ်းဆီးမှုတွေရှိခဲ့တဲ့ ဖြစ်စဉ်တွေနောက်ပိုင်းမှာတော့ ဒေသတွင်း တည်ငြိမ်ရေးတွေဟာ ဆိုးဝါးလာခဲ့ကြောင်း လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

လက်ရှိ ဇူလိုင်လအတွင်းမှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် တချို့ကို အေအေက မြို့တွင်းတွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး အထူးသဖြင့် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ မှာ အဲဒီလို ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို အေအေဖက်က ဖမ်းဆီးမှုတွေလုပ်ပြီးနောက်ပိုင်းမှာတော့ တပ်မတော်ဖက်ကလည်း သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးအမှုဖွင့်တာတွေရှိနေပြီး တချို့ကို ပြန်လွတ်ပေးတာတွေရှိကြောင်း သိရပါတယ်။

အဲဒီလို ဒေသတွင်း မတည်မငြိမ်မှုတွေကြောင့် ပြည်နယ်တွင်း ခရီးသွားလာရေးတွေမှာ ပြန်လည်တင်းကျပ်လာနေပြီး ကုန်စည်စီးဆင်းမှုတွေနှောင့်နှေးကြန့်ကြာမှုတွေအပြင် ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်လာပါတယ်။

အဲဒီလို အကျိုးဆက်တွေကို ရခိုင်ပြည်သူတွေခါးစီးခံနေရပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေဟာ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးနဲ့လူမှုရေး(အထူးသဖြင့် ပညာရေး) အခြေအနေတွေအပေါ် ရိုက်ခတ်မှုရှိလာကြောင်း အကဲခတ်တွေက သုံးသပ်ပြောဆိုလာပါတယ်။

Photo- Arakan Infodesk
#VOM #voiceofmyanmar #ရခိုင် #စစ်ရေးတင်းမာမှု

Related posts

Leave a Comment

VOM News

FREE
VIEW