စက်သုံးဆီ သယ်ယူနေတဲ့ ရေယာဥ်ဆီတွဲနဲ့ ဆီဘောက်ဆာကားတွေ GPS အမြန်တပ်ဆင်ဖို့ ညွှန်ကြားထား

ဇူလိုင် ၊ ၂၂- ၂၀၂၂
SP (VOM)

စက်သုံးဆီ ဖြန့်ချီရာမှာ အဓိကကျတဲ့ ရေယာဥ်ဆီတွဲ တွေနဲ့ ဆီသယ်ယာဥ် ဘောက်ဆာကားတွေကို GPS တပ်ဆင်ထားကြဖို့အတွက် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ညွှန်ကြားထားတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ ၊ နောက်ပြီး သယ်ယူပို့ဆောင်နေတဲ့ ကုမ္ပဏီတွေ နဲ့ အခြားပုဂ္ဂလိကလုပ်ငန်းရှင်များပိုင်ဆိုင်တဲ့ ရေယာဉ်ဆီတွဲများနဲ့ ဆီတင်ယာဉ်တွေကို ၅.၈.၂၀၂၂ ရက်နေ့ နောက်ဆုံးထားပြီး GPS တွေ အမြန်ဆုံးတပ်ဆင်ဖို့ ဇူလိုင်လ ၂၀ရက်နေ့ရက်စွဲနဲ့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချရေးအသင်းက စာထုတ်ထားတာ ” လို့ ချင်းတွင်းမြစ်ကြောင်း စက်သုံးဆီတင်သွင်းဖြန့်ချီရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အဲ့ဒီလို ညွှန်ကြားရတာဟာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ၊ ဆီတင်ရေယာဉ်/ယာဉ်တွေ အနေနဲ့ စက်သုံးဆီတွေကို တနေရာကနေ တနေရာကို သယ်ယူပို့ဆောင်တာ ၊ လက်ခံဖြည်းတင်းမှုတွေ ဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေက လိုအပ်သလို စိစစ်ကြပ်မတ်တာတွေဆောင်ရွက်နိုင်သွားဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဉ်မတော်တဆမှုနဲ့ ထူးခြားမှုတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့နဲ့ စိစစ်ဆောင်ရွက်နိုင်ဖို့အတွက် အခုလို GPS တွေတပ်ဆင်ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ချင်းတွင်းမြစ်ကြောင်းဘက်ကို တင်သွင်းလာတဲ့ စက်သုံးဆီ တွဲရေယာဥ် ၂ စီး ရေစကြိုနဲ့ မြောင်မြို့နယ် အကြားမှာ ဓားပြတိုက်ခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ရက်ပိုင်းက ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးကျေးရွာနားက ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ ဆီသယ်ဘောက်ဆာကားတစီး လက်နက်ကြီးကျည်ထိမှန်လို့ မီးလောင်ပျက်စီးဆုံးရှုံးရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဆီသယ်ယဉ်တွေGPSတပ်ရမည်

Related posts

Leave a Comment

VOM News

FREE
VIEW