ပဲခူးမှာ နေအိမ်ထဲပစ္စည်းဝင်ခိုးပြီး လူသတ်ခဲ့သူက အသက် ၁၃နှစ်အရွယ် ယောင်္ကျားလေးဖြစ်နေ

ဇူလိူင် ၂၂-၂၀၂၂
GG(VOM)

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက် ၊ရွှေအောင်ရွေး ၂ လမ်းက နေအိမ်တအိမ်မှာ ဒီနေ့မနက်အစောပိုင်းက နေအိမ်အတွင်းဝင်ခိုးတဲ့ အသက် ၁၃နှစ်အရွယ် သူခိုးက အိမ်ရှင်ကို ဓားနဲ့ထိုးတာကြောင့် ၁ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

” မနက် ၃ နာရီလောက်မှာဖြစ်တာ။ခိုးတာကလည်း အသတ်ခံလိုက်ရတဲ့ကောင်လေးနဲ့အတူ ဂိမ်းတွေဘာတွေဆော့တဲ့သူ ၊အသက်က ၁၃ နှစ်လောက်ပဲရှိအုံးမယ်။အသတ်ခံလိုက်ရတဲ့သူက i phone ဝယ်လာတာ ၃ရက်လောက်ရှိသေးတယ်။ဟိုကလေးက ဖုန်းကိုလိုချင်စိတ်များသွားတာဖြစ်မယ်။မနက်ကဝင်ခိုးတော့ အသတ်ခံရတဲ့ကောင်လေးက နိုးသွားတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့ထိုးတာ၊ အကိုဖြစ်သူကလည်း ဝင်ဖမ်းတော့ သူ့ကိုပါ ထိုးမိတာ ၊ အခု အဲ့ဒီကလေးကို ဖမ်းမိပြီ ပဲခူးခေါ်လာနေပြီလို့သိရတယ် “လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။

လူသတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၃နှစ်အရွယ် ကလေးငယ်ကို ဝေါမြို့တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပြီး ပဲခူးမြို့က သက်ဆိုင်ရာရဲစခန်းကို ခေါ်ဆောင်လာနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဓားနဲ့အထိုးခံရပြီး သေဆုံးသူဟာ ကိုပြည့်ဝေသျှန်က အသက်၂၁ နှစ်၊ ပဲခူးတက္ကသိုလ် ရုက္ခဗေဒ ပထမနှစ်ကျောင်းသားဖြစ်ပြီး ဘယ်ဘက် ဗိုက်တချက် ၊လည်ပင်းတချက် ၊ဘယ်ဘက် နို့အုံအောက်တချက် ဓားဒဏ်ရာတွေရခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ကျနော်တို့ကိုမနက် ၄ နာရီလောက်မှာ နန်းတော်ရာ ရယက ရုံးက အကြောင်းကြားတယ်၊ ရွှေအောင်ရွေး၂လမ်းမှာ သူခိုးဝင်ခိုးရင်း အိမ်ရှင်ကိုလုပ်သွားလို့တယောက်ကသေတယ် တယောက်ကိုဆေးရုံပို့ရမယ်ပြောတယ်။သူတို့ပြောပုံအရတော့ ကျူးလွန်သူက အိမ်နီးနားချင်းကလို့ပဲသိရတယ် “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ညီညွတ်ခြင်းစုပေါင်းအခမဲ့နာမှုကူညီရေးအသင်းတာဝန်ရှိသူကပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကတော့ ညာဘက်ရင်အုံ ၊ ဘယ်ဘက်ချိုင်းအောက်၊ ဘယ်ဘက်ပေါင်ရင်းမှာ ဓားဒဏ်ရာတွေရရှိပြီး ပဲခူးဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW