လွမ်းလေစေရ စေရ ဟိုမြိုင်လယ်မှာ သည်မြိုင်လယ်မှာ

ဆူးငှက်

“ဇော်လာပါတယ် ဖေတို့မောင်တို့ ဂျီလာပါတယ် ဖေတို့မောင်တို့ ၊ တောင်ဝှေးထောက်လို့ တောင်မြောက်မျှော်၊ဇော်ဂျီပါရင် ကျုပ်တို့ပါပဲ။ ဆေးတောင်ဝှေးတဲ့ ဆေးလေ မြစိမ်းတောင်ခြေထိုးတဲ့ အဂ္ဂိ၊ ရွှေမရှားပါလို့ ပြဒါးသေ…မြစိမ်းတောင်ခြေ ထိုးတဲ့ အဂ္ဂိ…”
လမ်းပေါ်တွင် ဇော်တိုင်သံက လွင့်ပျံနေ၏။

ရုပ်သေးပွဲ၏ ဇော်တိုင်သံက ဘုရားပွဲမှာမဟုတ်။ ကန်သင်းရိုးက ရုပ်သေးစင်မှာမဟုတ်။ မန္တလေးက အရှေ့ကျုံးထောင့်ထိပ်အနီးရှိ ဆိုလာမီးရောင်ဖြန့်ခင်းထားသော နိုင်လွန်ကတ္တရာလမ်းဘေးက မီနီသီရေတာမှာဖြစ်သည်။ သည်နေရာမှာ မန္တလေးရုပ်စုံသဘင်ဟူသော အမည်ဖြင့် ရုပ်သေးကပွဲကို ညစဉ်ကပြဖျော်ဖြေခဲ့သည်။ နိုင်ငံခြားသား ခရီးသည်အများစုက လာရောက်အားပေးကြ၏။ ရုပ်သေးပွဲက မြန်မာဆိုင်းသံ၊ ဗုံသံများဖြင့် ခုနစ်သံချီ အပျိုတော်အက…၊ မြိုင်ထနှစ်ပါးသွား၊ ဇော်ချင်းများ ကြားနေရသည်။

နာမည်ကျော် မန္တလေးရုပ်စုံသဘင်အဖွဲ့ကို ဆရာ ဂုဏ်ထူးဦးသိန်းနိုင်၏သမီး ဒေါ်မမနိုင် က ၁၉၉၀ခုနှစ်မှ စ၍ တည်ထောင်ထားပြီး မြန်မာ့ဝါးများဖြင့် ဇာတ်ရုံငယ်ကို စနစ်တကျ တည်ဆောက်ထားကာ ‘ရုပ်သေးပွဲ’ကို ကပြခဲ့ခြင်းဖြစ်သည်။ အခုတော့ ဆရာမဒေါ်မမနိုင်၏ မန္တလေးရုပ်စုံက ပိုမိုအကွက်အကင်းကောင်းသည့် မန္တလေးတောင်ခြေသို့ တိုးချဲ့ပြောင်း ရွှေ့ထားသည်။

နိုင်ငံခြားသားများက မြန်မာရုပ်သေးတွင် ဇော်ဂျီရုပ်ကို သဘောကျကြသည်။ ဇော်ဂျီရုပ်က ကဟန်များသလောက် မင်းသားရုပ်များလို ကကြိုးအများအပြားမပါရှိ။ ကြိုးအနည်းငယ်ကိုသာ သုံး၍ ကဟန်မျိုးစုံ ခွဲခြား ကပြရသောကြောင့် ခက်ခဲသည်။ ထို့ပြင် ဇော်ဂျီရုပ်က သိုရင်းအင်္ကျီဖားလျား…၊ ခါးတောင်းကျိုက်နှင့်ဖြစ်ကာအပေါ်သို့ ခုန်ကြွမှောက်ပျံရသည်။ တောင်ဝှေးပေါ်တွင် အုန်းပင်စိုက်ရသည်။ တစ်ပတ်ကျွမ်း၊ကြောင်လိမ် ကျွမ်းခုန်ရသည်။ ထိုအခါ ကြိုးဆွဲလက်က ကျွမ်းကျင်စွာဖြင့် တစ်ဖက်အောက်က လွှတ်သော ကြိုးစကို တစ်ဖက်မှ ပြန်ကျော်ကာ ပြန်ကောက် ဖမ်းရသည်။ ကျွမ်းလှိမ့်ရာ၌ အသွားအကွက်နှင့် အပြန်အကွက် ထပ်တူကျစေသဖြင့် ရှုပ်ပြီး ကြိုးကို အလိုက်သင့်ပြန်ပြီးပြေစေရသည်။ ဆိုင်းချက်ကျစွာ လျင်လျင်မြန်မြန် ကပြရသဖြင့် ကြိုးဆွဲသူမှာလည်း ပင်ပန်းလှ၏။

မြန်မာရုပ်သေးစင်မှ ဇော်ဂျီရုပ်သည် အဘိဓမ္မာရုပ်၊ ဝါဏရရုပ် သုံးပါးအနက် လဟုတာရုပ်ဖြစ်ပါသည်။အချို့သော ရုပ်သေးများသည် ဇော်ဂျီရုပ်ကို ‘ကောင်းချီးသင်္ခါ’ ယိုးဒယားဖြင့် ခပ်လေးလေး ထွက်တတ်ကြပါသည်။ ဇော်ရုပ်ကို ကြိုးဆွဲကျွမ်းကျင်သော မင်းသားကြိုးဆွဲကြီးများသာ ကိုင်လေ့ရှိပါသည်။ ဇော်ရုပ်ဆွဲနိုင်သူက အတော်ဆုံး ကြိုးဆွဲဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ဇော်ဆွဲသည် ‘လူပေါ်လူဇော်’ စသည်ဖြင့် ကျွမ်းကျင်ထူးခြားမှုကို တင်စား သုံးနှုန်းကြသည်။

ရုပ်သေးတွင် ဇော်ကကို ကြည့်၍ မင်းသားကြိုးဆွဲကောင်းမည် မကောင်းမည်ကို အကဲခတ်ကြသလို နှင့် ပတ်မတီး အစွမ်းကိုလည်း ဇော်တီးကွက်တွင် အကဲခတ်ကြပါသည်။ တချို့ရုပ်သေးများက ဇော်ဂျီကို နှစ်မျိုးနှစ်စား ခွဲခြားထားသည်။ အနုအယဉ် သိမ်မွေ့စွာကသော နန်းဇော်နှင့် ကြမ်းတမ်းပေါ့ပါးစွာကသော တောဇော်ဟူ၍ ဖြစ်သည်။

ဇော်စထွက်လျှင် “ဇော်လာတယ်ဟေ့၊ ဘယ်ကဇော်လဲလို့ သူငယ်ချင်းက ပြောလိုက်စမ်းပါ”ဟု ဆိုင်းနောက်ထက အသံခံလိုက်သောအခါ… “မန်းပေါ်ကနက် …၊စန်းပေါ်တက်ခဲ့တော့…၊နန်း…တော်ထွက်ဇော်”ဟု အစချီပြီး မည်သူမည်ဝါ၏စင်မှ ဇော်ဖြစ်ကြောင်း တစ်ယောက်ပြန်ပြော၏။
“…လွမ်းလေစေရစေရ ဟိုမြိုင်လယ်မှာ သည်မြိုင်လယ်မှာ စပယ်ကို ထားဝယ်ခပါလို့ (ဒေါလေလေနက၊ နက)၂ ၊ဒေါနကသင်းတယ်၊ သင်းတယ် သင်းတယ်လေ…” ဟူသော ဇော်ချင်းကို သီဆိုကကြသည်။ ‘ဇော်ဆိုဇော်ချင်း၊ဇော်ချင်းပပြိုင်ဘက်ကွာ၊ ဇော်တကာ့တွင်ခေါင်ကချုပ်တယ်၊ ဂျီတကာတွင် ခေါင်ကချုပ်တယ်၊ ဂိုဏ်းအုပ်မဲ့လာ’ တဲ့။ ဇော်ကို သိမ်းသည့်အခါ ဆိုင်းကလေးခင်းနှင့် ပတ်ရင်းနာနာမွှေ့၍ ဗိန်းမောင်းအဆုံးသတ်တွင် ဇော်ရုပ်ကို ခပ်သွက်သွက် လှည့်ပတ်ခုန်ပေါက်ပြီး ထွက်ရပ်ပေါက်သွားသည့် ဟန်ဖြင့် လက်တန်းပေါ်က ရုတ်ခနဲ ခုန်ကျော်ဝင်သွားဟန် သပ်ရပ်စွာ အဆုံးသတ်ကြသည်။

ကျွန်တော့် အသက်အရွယ်တန်းမှာကိုပဲ ရုပ်သေးကို ကောင်းကောင်း မမှတ်မိတော့…၊ သကျသီဟဘုရားပွဲမှာ…၊ ဝါးတန်းကထိန်မှာ ရုပ်သေးပွဲ ကြည့်ဖူးတဲ့ ပုံရိပ်တွေက ခပ်ဝါးဝါး…၊ သကျသီဟဘုရားပွဲမှာက အခုဗန္ဓုလ ဓမ္မာရုံကြီးနား စနေထောင့်မှာ ရုပ်သေးစင်အမြဲပါသည်။ သကျသီဟဘုရားပွဲမှာ ကြည့်ရသည့် ရုပ်သေးပွဲကတော့ ပထမပိုင်း ဟိမဝန္တာခန်းလောက်ပဲဖြစ်မှာပေါ့။
ဟိမဝန္တာခန်းကြည့်အပြီး ဘုရားကို တစ်ပတ်ပတ်၊ အငြိမ့်များကို ငေးမောပြီး ရုပ်သေးစင်ဆီ ပြန်ရောက်သောအခါ ပြဇာတ်ထွက်နေပြီဖြစ်၏။ ရုပ်သေးပြဇာတ်မင်းသားက ဘောင်းဘီရှည်ဝတ်၊ ဖော့ဦးထုပ်ဆောင်းကာ သေနတ်ခါးကြား ထိုးထားသည်။ ရုပ်သေးမင်းသမီးက ဘဲလ်လက်အင်္ကျီနှင့် ဆံထုံးနှင့်…။ ပြဇာတ်မင်းသားသည် သေနတ်တဒိုင်းဒိုင်းဖောက်ကာ မင်းသမီးကို ဂျစ်ကားပေါ်တင်ပြီ မောင်းပြေးသွား၏။ ကျွန်တော်တို့သည် ခဏတစ်ဖြုတ် ရပ်ကြည့်ပြီး ပြန်လာကြသည်။

ဝါးတန်းကထိန်မှာ ကြည့်ရသည့် ရုပ်သေးက ၂၉လမ်းနှင့် ၈၅ လမ်းထောင့်မှာဖြစ်သည်။ အိမ်နှင့် မလှမ်းမကမ်းမို့ “ဒီနေ့ည ရုပ်သေးကို အပြီးထိကြည့်မှာ”ဟု အမေ့ကို ပူဆာထား၍ အမေက အင်္ကျီအထပ်ထပ်ဝတ်…၊ တဘက်ခေါင်းပေါင်းပြီး လိုက်ပို့သည်။ တန်ဆောင်မုန်း၏ အအေးဓာတ်က အစွမ်းပြသည့် ညများလည်းဖြစ်ချေ၏။ ကျွန်တော်က မင်းထွက်၊ ဘီလူးထွက်၊ မျောက်ထွက်သည့် ဟိမဝန္တာခန်းကို သဘောကျနေသည်။ ရုပ်သေးပွဲမှာ တီးနေသည့် ဆိုင်းကလည်း အိမ်နားက ရွာစားစိန်ဘကျွဲဆိုင်း…။ ဆိုင်းက လင်းကွင်းကြီး ခြမ်းခနဲခြမ်းခနဲတီး…။ မောင်းကြီးတဒူဒူနှင့် ပတ်မကြီး တထီထီကိုပင် အထူးအဆန်း အံ့အားသင့်နေသည်။ ပြဇာတ်လည်း ပါ၏။ သို့သော် မမှတ်မိ…။ နှစ်ပါးသွားစခန်းချနှင့် မြိုင်ထကို သဘောကျသည်။ ပြီးတော့ နောက်ပိုင်းဇာတ်ထုပ်ကြီး…။ ရုပ်သေးမင်းသား ရုပ်လေးက သျှောင်တစ်စောင်း ထုံးပြီး ထွက်လာတာ။ အပူတိုက်မှာ ဆံပင်ကိုဖြန့်ပြီး ခေါင်းလေး စောင်းကာ စောင်းကာ ငိုချင်းချတာ…၊ ဒါပဲမှတ်မိပါ၏။ ဘာဇာတ်တော်ကြီးလည်း မသိ…။ အမေက ကျွန်တော့်ကို ရင်ခွင်ထဲထည့် တဘက်ထူကြီးဖြင့်
ပွေ့ပိုက်ထားကာ ရုပ်သေး မပြီးမချင်း ပြခဲ့ဖူးပါသည်။ ကျွန်တော် ရုပ်သေးပွဲကြည့်ဖူးတာ ဒါပဲဖြစ်ပါသည်။

ဘယ့်နှယ် ကိုဗစ်ရောဂါကပ်ဘေးကြောင့် မန္တလေး၏ နာမည်ကျော် ဘုရားပွဲများပင် ပွဲလမ်းနှင့် မကျင်းပဖြစ်တော့သည့်ကာလမှာ အိမ်တွင်းပုန်းနေရင်း လွန်ခဲ့သောနှစ်၄၀ကျော်က ရုပ်သေးပွဲတွေ လွမ်းနေမိပါလိမ့်။ ။

#voiceofmyanmar #VOM #ဆောင်းပါး #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW