ရန်ကုန်မှာ YBS ယာဥ်တွေပြေးဆွဲမှုနည်းလို့ ပရဟိတအသင်းတွေက ခရီးသည်တွေကို လိုက်ပို့ပေးနေရ

ဇူလိုင် ၂၃၊၂၀၂၂
KK(VOM)

ရန်ကုန်မှာ YBSယာဥ်တွေ CNG Gas ရရှိမှုမလုံလောက်လို့ ပြေးဆွဲမှုနည်းပါးတာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ပရဟိတအသင်းကားတွေက ခရီးသည်တွေကို လူနာတင်ယာဥ်တွေနဲ့ လိုက်ပို့ပေးနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

မြို့နယ်အသီးသီးမှာရှိတဲ့ ပရဟိတအသင်းတွေနဲ့နာရေးကူညီမှုအသင်းတွေက သက်မှတ်ထားတဲ့လမ်းဆုံတွေကနေ ခရီးသည်တွေကို လိုက်လံပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။

“ဒီမနက်ကားစောင့်တာ ညီမတို့တွေ ကားမရဘူး အဲ့ဒါနဲ့
လိုင်းပေါ်မှာတွေ့တဲ့ ပရဟိတကားကို ဖုန်းဆက်လိုက်တ
ယ် ဆူးလေအထိလိုက်ပို့ပေးတယ်”လို့ ပြောပါတယ်။

သင်္ဃန်းကျွန်း ကြီးပွားရေးမှတ်တိုင်ကနေ ဆူးလေအထိ ရုံးတက် ရုံးဆင်းချိန် ခရီးသည်တွေ နေအိမ်ပြန်ရာမှာ အခက်အခဲမရှိစေရေးအတွက် ကားနှစ်စီးနဲ့ ကြိုပို့လုပ်ပေးနေတယ်လို့ ဘောဂလမ်းနာရေးလူမှု့ကူညီရေးအသင်းမှ ကိုလွင်ဦးက ပြောပါတယ်။

မြောက်ဥက္ကလာပချစ်သူများပရဟိတအသင်းက ကိုမိုးဆက်အောင်က “ဒီနေ့က စနေ့နေ့ဆိုတော့ အဲ့လောက်ကြီးလည်း လူမများဘူး၊ အခက်အခဲဖြစ်တဲ့သူကျတော့ လိုက်ပို့ပေးတာပေါ့၊ ခြောက်ကွေ့-ဆူးလေ ခြောက်ကွေ့-ယုဇနပလာဇာ ခြောက်ကွေ့-မြေနီကုန်း အဲ့လိုလိုက်ပို့ပေးတယ် “လို့ရှင်းပြပါတယ်။

ဒီလိုခရီးသည်တွေကို လိုက်ပို့ပေးရာမှာပရဟိကားတွေအပြင် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း ယာဥ်တွေနဲ့လိုက်ပို့ပေးပါတယ်။

“ကျနော်တို့က ဟံသာဝတီအဝိုင်းကနေ ပြည်လမ်း ဆူးလေအထိ YBSအခက်အခဲဖြစ်နေတဲ့ ခရီးသည်တွေကို လိုက်ပို့ပေးတယ်၊ ညနေကျရင် ဆူးလေကနေ လှည်းတန်းအထိ တောက်လျှောက် လိုက်ပို့ပေးမယ်”လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ မှ ကိုရဲသူရိန်က ပြောပါတယ်။

YBSယာဥ်တွေအနေနဲ့ CNGဂတ်စ်များလုံလောက်စွာရရှိပြီး ပုံမှန်ပြန်လည်ပြေးဆွဲနိူင်တဲ့အချိန်ထိ နေအိမ်ပြန်ဖို့အခက်အခဲဖြစ်နေတဲ့ ခရီးသည်တွေကို ကူညီပေးသွားမှာဖြစ်တယ်လို့ ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဂတ်စ်ပိုက်လိုင်းပေါက်သွားတယ်ပြောတယ်၊ အဲ့ဒီပိုက်လိုင်းပြန်ကောင်းသွားတဲ့အချိန်ထိ ကူညီပေးဖို့အစီအစဉ်ရှိပါတယ်”လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ခရီးသွားပြည်သူတွေကို ပရဟိတအသင်းတွေ နာရေးကူညီမှုအသင်းတွေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကသာ ကူညီပေးနေတဲ့အတွက် YBS ဘက်ကအကြောင်းတစုံတရာမထုတ်ပြန်တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။

လက်တလောမှာ CNG Gas လုံလောက်စွာမရရှိတာကြောင့် ပြေးဆွဲဖို့အခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် YBSယာဥ်အနည်းငယ်သာပြေးဆွဲသွားမယ်လို့ ယာဥ်လိုင်းအချို့က ထုတ်ပြန်ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

Photo-ပရဟိတအသင်းများ
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW