ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရတဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောထား

ဇူလိုင် ၂၅-၂၀၂၂
မျိုးဆက်(VOM)

ကိုဂျင်မီ၊ ကိုဖြ်ိုးဇေယျာသော်အပါအ၀င် ၄ ဦးကို စီရင်လိုက်ကြောင်း မြန်မာအာဏာပိုင်တွေက ဇူလိုင် ၂၅ ရက်မှာ နိုင်ငံပိုင်သတင်းစာကနေ တရား၀င်ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှုတွေကို VOM ကဖော်ပြလိုက်ရပါတယ်။

-တွမ်အန်ဒရူးစ် (မြန်မာ့နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်)
“ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတွက် ကြိုးပမ်းနေသူတွေကို ကွပ်မျက်လိုက်တယ်ဆိုတဲ့ သတင်းဟာ ကျွန်တော်အတွက် ဒေါသထွက်ပြီး ၀မ်းနည်းကြေကွဲရပါတယ်။ ဒီကိစ္စဟာ မြန်မာ့အာဏာပိုင်တွေအပေါ် ကမ္ဘာက ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ပတ်သက်ပြီး အချိုးအကွေ့ အလှည့်အပြောင်းတခုဖြစ်ပါတယ်”

-ဂျပန်နိုင်ငံခြားရေး၀န်ကြီး ယိုရှီမာဆာ ဟာယာရှီ
“ မြန်မာ့ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်လိုက်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပိုပြီးအထီးကျန်စေမှာဖြစ်ပြီး ဒီလိုကွပ်မျက်မှုတွေဟာ စိုးရိမ်ပူပန်စရာကိစ္စဖြစ်ပါတယ်”

-မက်သရူးစမစ် (ဖိုတီးရိုက်အဖွဲ့ အရှေ့တောင်အာရှရေးရာ အကြီးအကဲ)
“ ဒီလိုကြောက်စရာကောင်းတဲ့ ကွပ်မျက်မှုဟာ လူသတ်မှုဖြစ်ပါတယ်။ ဒါဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်လို့ တော်လှန်ရေးမှာ အကြောက်တရားတွေ ပေါက်ဖွားလာမယ်လို့ အာဏာပိုင်တွေက တွေးထင်ထားရင် လုံး၀မှားသွားပါလိမ့်မယ်”

-ရစ်ချက်ဟော်ဆေး (မြန်မာ့အရေးလေ့လာသူ -နိုင်ငံတကာ အကြပ်အတည်းဆိုင်ရာအဖွဲ့ )
“ နိုင်ငံရေးအပြောင်းအလဲကနေ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို အဆုံးသတ်ဖို့ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေတွေကတော့ နိဂုံးချုပ်သွားပါပြီ။ ဒီကိစ္စက ဘာကိုပြလဲဆိုရင် မြန်မာအာဏာပိုင်တွေက ဘယ်သူပြောတာမှ နားမထောင်ဘဲ လုပ်ချင်တာလုပ်မယ်ဆိုတဲ့သဘောဖြစ်ပြီး အင်အားပြတာဖြစ်ကာ တွက်ချက်မှုအတော်လေးလွဲနေပြီဖြစ်ပါတယ်”

-အာ၀င်ဘန်ဒါဘရော့ (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး)
“ဒီကွပ်မျက်မှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတခုဖြစ်ပြီး စစ်ခုံရုံးမှာ တရားမျှတမှုမရှိဘဲ စစ်ဆေးပြီး ပြစ်ဒဏ်ချခဲ့တာဖြစ်ပါတယ်။ အလားတူအမှုတွေမှာ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လူ ၁၀၀ ကျော်လောက် ကြိုးတိုက်မှာရှိနေရတယ်လို့ ယုံကြည်ရတာကြောင့် နိုင်ငံတကာ အသိုက်အ၀န်းက ချက်ချင်းအရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်”

-အယ်လ်လိန်းပီရာဆန် (လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အာရှရေးရာ ယာယီညွှန်ကြားရေးမှူး)
“ ဒါဟာ အလွန်တရားမျှတမှုမရှိတဲ့ စီရင်မှုဖြစ်ပြီး လူ့အသက်ကို လျစ်လျူရှုပြီး ကွပ်မျက်လိုက်တာဟာ ဆန္ဒပြလှုပ်ရှားမှုတွေကို ငြိမ်သက်စေဖို့ အာဏာပိုင်တွေက ရည်ရွယ်တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေ၊ အမေရိကန်နဲ့ အခြားအစိုးရတွေအနေနဲ့ ဒီရာဇ၀တ်မှုတွေအတွက် တုံ့ပြန်ဆောင်ရွက်သင့်ပါတယ် ” လို့ တုံ့ပြန်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကိုဂျင်မီ

Related posts

Leave a Comment

VOM News

FREE
VIEW