ရန်ကုန်၊နိုဝင်ဘာ ၂၊ ၂၀၂၆
EP(VOM)
မြို့တွင်း ခြောက်မြို့နယ်က လမ်းမကြီးကအစ လမ်းသွယ် အထိ ညအိပ်ကားတွေပါ ယာဉ်ရပ်နားခ ကောက်ခံနေတာကြောင့် ရန်ကုန်မြို့နေလူထုအကြား ဝေဖန်မှုနဲ့ မကျေနပ်မှုတွေ ရှိနေတယ်လို့မြို့နယ် ခြောက်မြို့နယ်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။
လမ်းမကြီးတွေမှာ ရပ်နားတဲ့ ယာဉ်တွေ ကောက်ခံခြင်းအပြင် မြို့တွင်း နေထိုင်သူတွေရဲ့ ည အိပ်ကားတွေအထိပါ ကောက်ခံလာတာကြောင့် ပြန်လည် စဉ်းစားပေးစေချင်တယ်လို့ ပန်းဘဲတန်း မြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။
ညအိပ်ကားတွေက ညနေကားရပ်နားရာအချိန်ကနေ မနက်အထိ အချိန် ၁၀နာရီ ကြာမြင့်တတ်ပါတယ်။
ကြာမြင့်ချိန်အတိုင်း ငွေကြေး ပေးဆောင်ရမယ် ဆိုရင် အနည်းဆုံး တစ်ရက် ယာဉ်ရပ်နားခ ၅၀၀၀ ပေးဆောင် ရမှာ ဖြစ်နေတာကြောင့် တစ်လ ၁၅၀၀၀၀ ကုန်ကျနိုင်တယ်လို့ မြို့ခံတွေက တွက် ချက်ပြပါတယ်။
“လမ်းသွယ်တွေပါ ကောက်ခံတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေ အခက်ခဲ ဖြစ်ပါတယ်။ မီးပျက် ရေပျက် စီးပွါးရေး ကြပ်တည်း၊ ကုန်ဈေးနှုန်းကကြီးအဆင်မပြေမှုတွေ အများကြီးထဲက ကြိုးစား ရုန်းကန် ရှင်သန်နေကြရတဲ့ ပြည်သူ လူထု အတွက် ပြန်လည် ငဲ့ညှာ စဉ်းစားပေးဖို့တောင်းဆိုပါတယ်။ “လို့ ပန်းဘဲတန်း မြို့ နေထိုင်သူ တဦးက ပြောပါတယ်။
မြို့တွင်းယာဉ်ရပ်နားခကို ညအိပ် ကားတွေ အထိပါ ကောက်ခံတဲ့အတွက် မနေ့ကညက ကောက်ခံတဲ့ ဝန်ထမ်းနဲ့ ကားရပ်နားသူအကြား အငြင်းပွားတာတွေ ရှိလာတယ်လို့ မြို့နေလူထုက ဆိုပါတယ်။
“ရန်ဖြစ် စကားများတဲ့အထိတွေ ရှိလာတာ ကြားရပါတယ်။ တနေကုန် ဒီဖုန်းပဲ ဖြေနေရတာပါ။ ” ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောပါတယ်။
ကားပိုင်ရှင်အချို့ကတော့ ကားလိုင်စင် လျှောက် ထားရာမှာ ဘီးခွန် အပါအဝင် အခွန်သုံးမျိုးအထိ ဆောင်ထားရတာမို့ အခု ကောက်ခံခြင်းဟာ အခွန်ပေါ် အခွန်ဆင့်နေတယ်လို့ ဆိုပါတယ်။
ယာဉ်အခွန်နှင့် ညအိပ်ယာဉ်ရပ်နားခတွေ ပေးဆောင်ထားပြီးဖြစ်ပေမယ့်လည်း နေအိမ်ရှေ့ ရပ်နားခြင်းအတွက်ပါ အခကြေးငွေ ထပ်မံပေးဆောင်နေရသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေတာပါ။
ပြည်သူတွေရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး မြို့နယ်အတွင်းက တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေကို မေးမြန်းရာမှာ ယာဉ်ရပ်နားခ ကောက်ခံမှုနဲ့ ပတ်သက်ပြီး တိုင်းအစိုးရက အသိမပေးခဲ့သလို ခေါ်ယူ တိုင်ပင်ဆွေးနွေးတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
“ပြည်သူနဲ့ အတူတူပါပဲ။ နိုင်ငံတော် ဘဏ္ဍရှာပေးတာ ဖြစ်ပေမယ့် ဈေးနှုန်း ညှိနှိုင်းတာတွေ ၊ ရပ်ကွက်အတွင်းက နေထိုင်သူတွေတော့ သက်ညှာ ပေးသင့်ပါတယ်။ လွှတ်တော်အထိ ဆွေးနွေးမလားဆိုရင် ပြည်သူအသံ နားထောင်နေပါတယ်။ လိုအပ်ရင် လွှတ်တော်ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ” ကျောက်တံတား မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောပါတယ်။
ရန်ကုန်မြို့အတွင်း ယာဉ်ရပ်နားခကောက်ခံရန် ၂၀၁၈ ခုနှစ်က စီစဉ်ခဲ့ဖူးပေမယ့် ဝေဖန်ကန့်ကွက်မှုတွေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။
အခုတစ်ဖန် ရှစ်နှစ်အကြာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း စတင်ကောက်ခံသွားရန် စီစဉ်လာကြောင်း သိရပါတယ်။
ယာဉ်ရပ်နားခကောက်ခံဖို့ဇုန်တွေကို A မှ H အထိ ၈ ဇုန်ခွဲခြားထားပြီး အရှေ့ဘက်ခြမ်းတွင် ပုဇွန်တောင်မြို့နယ်၊ ရာဇဓိရာဇ်လမ်းနဲ့ အနောက်ဘက် လမ်းမတော်မြို့နယ်၊ အောင်ရတနာလမ်းကြားအထိ ပါဝင်ပါတယ်။
ဒါအပြင် တောင်ဘက် ကမ်းနားလမ်းနဲ့ မြောက်ဘက် ဗိုလ်ချုပ်လမ်းကြားအတွင်းရှိ လမ်းမကြီးတွေ အမည်တပ်လမ်းတွေ ၊ နံပါတ်အလိုက် လမ်းတွေကို ဇုန်အလိုက် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူတွေကောက်ခံသွားမှာ ဖြစ်ပါတယ်။
ယာဉ်ရပ်နားခကောက်ခံမှုအတွက် တင်ဒါခေါ်ယူမှုကို စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၀ ရက်က တင်ဒါရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
