မြိုင်မြို့နယ်ထဲက ကျောက်ကန်ရွာမှာ လူနေအိမ်နဲ့ အဆောက်အဦ ၁ ရာနီးပါး မီးရှို့ခံရ

ဇူလိုင်၂၅-၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျောက်ကန်ရွာက အဆောက်ဦး ၁ ရာကျော်ဟာ အခုလ ၂၃ ရက်က မီးရှို့ခံခဲ့ရတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။

” လူနေအိမ်နဲ့ အခြား အဆောက်အဦ၁ ရာနီးပါး မီးရှို့ဖျက်စီးခံရတယ် ၊ လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းတွေ ၊ ဆိုင်ကယ်တွေ ၊ ကားတွေ ၊ ထော်လာဂျီ အပြင် လယ်ထွန်စက်တွေပါ မီးလောင်ကုန်တာ “လို့ ကျောက်ကန်ရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီလို မီးရှို့ဖျက်စီးခံရတဲ့အတွက် ကျောက်ကန်ရွာခံ အိမ်ထောင်မိသားစု ၇၀ ဟာ အိုးမဲ့အိမ်မဲ့ ဘဝရောက်ခဲ့ရပြီး ဆွေမျိုးသားချင်းတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထံ ခိုကပ်နေရတယ်သလို ကျောက်ကန်ရွာခံ တယောက်လည်း မီးလောင်သေဆုံးခဲ့တယ်လို့ အဲ့ဒီရွာခံတွေက ပြောပါတယ်။

မနေ့ ဇူလိုင် ၂၄ ရက်ကလည်း ကျောက်ကန်ကျေးရွာအပြင် ကျောင်းရပ် ၊ ကျောက်တောင် ၊ သီတင်းပင် ၊ ဘန့်ဘိုး စတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေမှာ ဖောက်ထွင်း ဖျက်စီးခံရတာ ၊ အဖိုးတန် ပစ္စည်းတွေ ခိုးယူခံရတာ နဲ့ အိမ်မွေးတိရစ္ဆာန်တွေ သတ်ဖြတ်ခံရတာတွေ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနောက် ဓမ္မသာရကျေးရွာမှာရှိတဲ့ လူနေအိမ်တွေ အပါအဝင် အဆောက်အဦတချို့ မီးရှို့ဖျက်စီးခံခဲ့ရပြီး ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် ပျက်စီးအရေအတွက်ကို မသိရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ အခုလ ၂၅ ရက်အထိ မြိုင်မြို့နယ်မြောက်ပိုင်းက ကျေးရွာပေါင်း ၂ ဒါဇင်လောက်ဟာ အလားတူ မီးရှို့ဖျက်စီးခံရတာတွေ ရှိခဲ့ပြီး အိမ်ထောင်စု ၁ ထောင်ဝန်းကျင်နဲ့ လူဦးရေ ၅ ထောင်နီးပါး အိုးမဲ့ အိမ်မဲ့ ဘဝကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီး မြိုင်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့ဆီ VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

Photo-ကျောက်ကန်ရွာခံ တစ်ဦး
#voiceofmyanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW