တင်းတိန်ရံမှာ စျေးဆိုင်ခန်း ၂ ရာကျော်နဲ့ လူနေအိမ် ၅၀ နီးပါး မီးရှို့ခံရ

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ တင်းတိန်ရံကျေးရွာမှာ မနေ့ ဇူလိုင် ၂၉ ရက်က စျေးဆိုင်ခန်း ၂ ရာကျော်နဲ့ လူနေအိမ် ၅၀ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အခုလ ၂၈ ရ​က်မှာ တရွာလုံး ထွက်ပြေးကုန်ကြတယ် ၊ မနေ့က ၂၉ ရက်ကြတော့ စျေးမီးလောင်တယ် ၊ ဖုန်းသတင်းအရတော့ ဆိုင်ခန်း ၂ ရာကျော် မီးထဲပါသွားတယ် ၊ အဲ့ဒီအပြင် လူနေအိမ် မီးရှို့ခံရလို့ အဆောက်ဦး ၅၀ ကျော်လည်း မီးလောင်နေတယ်လို့ သိရတယ် ၊ အခုထိ ရွာကို ပြန်ဝင်ဖို့ မလွယ်သေးဘူး “လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တင်းတိန်ရံ ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ်တွေကို ဘယ်အဖွဲ့အစည်းက မီးရှို့တယ်ဆိုတာကိုတော့ VOM အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် အဲ့ဒီနေ့က ရေဦးမြို့နယ် ၊ မြို့ကြီးကျေးရွာဘက်မှာလည်း ပစ်ခတ် တိုက်ခိုက်တာတွေ ဖြစ်ပွားပြီး လူသေဆုံးမှု တချို့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနောက် အခုလ ၂၈ ရက် မနက်ပိုင်းကလည်း ရေဦးမြို့နယ်နဲ့ ထိစပ်လျက်ရှိတဲ့ တန့်ဆည်မြို့နယ် ၊ ညောင်လေးပင်ကျေးရွာနားမှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီအပြင် ISP Myanmar (မြန်မာ့မဟာဗျူဟာနှင့် မူ၀ါဒလေ့လာရေး)အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင် ၁၅ ရက်အထိ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်နဲ့ အဆောက်ဦးပေါင်း ၂၈၄၁၉ လုံးရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲ့ဒီ အရေအတွက်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတာနဲ့ လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ ကြေညာထားချက်အရ သိရပါတယ်။

အဲ့ဒီလို ပျက်စီးဆုံးရှုံးမှု အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ၂ သောင်းကျော် ပါဝင်ပြီး ၊ ဒုတိယ အများဆုံးဖြစ်တဲ့ မကွေးတိုင်းကတော့ ၅ ထောင် ၊ ၇ ရာကျော်ရှိပြီး ကျန်တဲ့အရေအတွက်က ချင်း ၊ ကယား စတဲ့ ပြည်နယ်ဘက်တွေကဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ရေဦး #တင်းတိန်ရံ #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW