ဒေးဒရဲမှာ ဗုံးပေါက်ကွဲမှုကိစ္စနဲ့ NLD တိုင်းလွှတ်တော်အမတ်ရဲ့သား ၁ ဦးနဲ့ လူငယ် ၇ ဦး ဖမ်းဆီးခံထားရ

ဇူလိုင် ၃၀၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဒေးဒရဲမြို့အဝင် တံတားစစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး NLD တိုင်းလွှတ်တော်အမတ်ရဲ့ သားဖြစ်သူ ၁ ဦးနဲ့မြို့ခံ ၇ ဦးကို ဇူလိုင် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”၂၈ ရက်က ၇ ဦးအဖမ်းခံထားရပြီး မနေ့က ဇူလိုင် ၂၉ ရက်က ၁ ဦးထပ်အဖမ်းခံရတာ၊ ၂၆ ရက်ကနေ့က ဗုံးလုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်တယ် ဆိုပြီးဖမ်းတာ၊NLD ပါတီကဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်ရဲ့သားအပါအဝင် အဖမ်းခံရတာ လူငယ် ၈ ဦးအထိရှိလာပြီ လက်ပြန်ကြိုးတုတ်ဖမ်းသွားတာ၊ လူငယ်တွေဆိုတော့ ပြောတာဆိုတာမှားရင် ရိုက်နှက်နှိပ်စက်မှာစိုးရိမ်တယ်”လို့ မိသားစု၀င်နဲ့ရင်းနှီးတဲ့ ဒေသခံတဦးကပြောပါတယ်။

ဒေးဒရဲမြို့အဝင်ဂိတ် ၂ ခုရှိတဲ့အထဲက ရန်ကုန်တိုင်း ဘက်ကိုသွားတဲ့ ဒေးဒရဲမြစ်ကူးတံတားစစ်ဆေးရေး ဂိတ်အနီးမှာ ဇူလိုင် ၂၆ ရက် ည ၈ နာရီဝန်းကျင်ကဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်တယ်ဆိုကာ ဖမ်းဆီးထားတာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့အုပ်ချုပ်ရေးတာဝန်ရှိတဦးက” ပေါက်ကွဲမှုနဲ့ပတ်သက်မှုရှိတယ်လို့ယူဆလို့ဖမ်းဆီးတာ၊ စစ်ဆေးဖို့ရှိလို့ဖမ်းတာပါ၊ဘာမှမလုပ်ထားရင် ပြစ်မှုမကျူးလွန်ထားရင် စိတ်ပူစရာမလိုပါဘူး”လို့ပြောပါတယ်။

ဒေးဒရဲမြို့နယ်မှာ နိုင်ငံရေးပြောင်းလဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မဲဆန္ဒနယ်မှ NLD ပါတီရဲ့ တိုင်းလွှတ်တော်အမတ် ဦးသန်းလွင်အပါအ၀င် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၀၀၀ ကျော်နဲ့ အဖမ်းခံရသူ ၂၀၀ ကျော်ရှိတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ဒေးဒရဲ

Related posts

Leave a Comment

VOM News

FREE
VIEW