သြဂူတ် ၊ ၁ ၊ ၂၀၂၂
SP( VOM)
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် တောင်ခြမ်း မလယ်လမ်းဆုံအနီး ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းအရှေ့ဘက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ ဘူးကုန်းကျေးရွာမှာ ဇူလိုင် ၃၀ ရက်က လူအုပ်ကြီးနဲ့ နေအိမ်တွေထဲကိုဝင်ပြီး လူသတ်လုယက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဘူးကုန်းရွာခံတွေဆီက သိရပါတယ်။
” လူသတ်ပြီး ပစ္စည်းတွေ လုယူခံရတာက ၁ အိမ် ၊ အိမ်ရှင်ကို ရိုက်နှက်ပြီး ပစ္စည်းလုယူခံရတဲ့ အိမ်က ၄ အိမ်ဖြစ်တယ် ၊ လုတဲ့သူတွေက အယောက် ၅၀ လောက်ရှိတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဘူးကုန်းရွာက အိမ်တွေကို ဝင်လုခံရတာနဲ့ ပတ်သက်ပြီး ဒေသခံနောက်တယောက်က
” ညနေ ၃ နာရီဝန်းကျင်မှာ ရွာထဲကို မျက်နှာဖုံးစွပ်ထားတဲ့ လူ ၅၀ ဝန်းကျင် ဆိုင်ကယ် အစီး ၂၀ ကျော်နဲ့ဝင်လာတယ်၊ အဲ့ဒီထဲမှာ မိန်းကလေးတွေလည်း ပါတယ် ၊ ရွာထဲရောက်တော့ အိမ်ကြီး အိမ်ကောင်းနဲ့ နေတဲ့ အိမ်တွေဆိုရင် ၊ အဲ့ဒီအိမ်က သေနတ်ရှိတယ်လို့ သတင်းရထားတယ်ဆိုပြီး ဝင်ရှာတယ် ၊ အဲ့ဒီလို ရှာရင်းက အဖိုးတန်ပစ္စည်းမှန်သမျှ လုယူသွားတာ သူတို့ ဘယ်အဖွဲ့ကလဲဆိုတာကို ကျုပ်တို့ မသိဘူး ၊ မျက်နှာတွေကိုလဲ အဝတ်တွေစည်းထားတယ် ၊ ကျုပ်တို့ရွာအရှေ့ဘက်မှာရှိတဲ့ စကျင်ရွာဘက်ကနေ ကျုပ်တို့ ရွာထဲကို ဝင်လာတာပါ ၊ နောက်တော့ သူတို့ဝင်ရှာတယ်ဆိုတဲ့ အိမ်တွေက ရှိသမျှမိသားစုဝင်တွေကို ဝမ်းလျားမှောက်ခိုင်းထားတယ် ၊ အသတ်ခံရတဲ့ ကိုညိုဌေးဆို သူ့မိသားစုရှေ့မှာပဲ ဓါးနဲ့ခုတ်သတ်လိုက်တာ ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒီနောက် ဘူးကုန်းရွာက CDM ဝန်ထမ်းတစ်ဦးရဲ့ အဖေဖြစ်သူ ဦးညိုဌေး အသက် ၅၀ နှစ်ရဲ့ နေအိမ်ကို အဲ့ဒီ လူအုပ်ကြီးက ဝင်ရောက်ပြီး သေနတ်ရှာမယ်ပြောကာ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၁ ရာကျော်ဖိုး ၊ 125 ဆိုင်ကယ် ၂ စီး ၊ နဲ့ ဖုန်း ၅ လုံးကိုယူလုယူပြီး အိမ်ရှင် ဦးညိုဌေး ရဲ့ လည်ပင်းကို ဓားနဲ့ ခုတ်သွားတယ်လို့ သိရပါတယ်။
ဦးညိုဌေးဟာ အရင် အရပ်သား အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ဦးညိုဌေးကို သတ်ခဲ့တဲ့ အုပ်စုဟာ ဘူးကုန်းရွာနေ ဦးဆန်းဝင်းဆိုသူရဲ့နေအိမ်ကို ထပ်မံဝင်ရောက်ရှာဖွေပြီး အဲ့ဒီအိမ်က စားစရာသောက်စရာတွေအပြင် ငွေကျပ်သိန်း ၁၁၀ ၊ ဖုန်း ၃ လုံး ၊ ရွှေ ၂ ကျပ်သားကျော် ၊ Scopy ဆိုင်ကယ် ၁ စီး ၊ Honda Wave အမျိုးအစား ဆိုင်ကယ် ၁ စီးစတဲ့ ပစ္စည်းတွေကို လုယက်ယူသွားတယ်လို့ သိရပါတယ်။
ဘူးကုန်းရွာမှာ စ္စည်းတွေ လုယူခံရတဲ့ သူတွေကတော့ ဦးညိုဌေး ၊ ၊ဦးဆန်းဝင်း ၊ ဦးမင်းအောင် ၊ ဦးအောင်နိုင် ၊ဦးစိုးနိုင်ဝင်းတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့ပေါ်မှာတော့ အခြေအနေတည်ငြိမ်သလိုရှိပေမယ့် မြို့နဲ့အလှမ်းဝေးတဲ့ရွာတွေကတော့ ကျီးလန့်စာစားဘဝနဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
#voiceofmyanmar #VOM #ကန့်ဘလူလုယက်မှုများ #ဘူးကုန်းရွာ #မှုခင်းသတင်း