မူဆယ်မှာ ဗုံးပေါက်လို့ ရဲနဲ့ပြည်သူ့စစ်အပါအ၀င် ၃ ဦး ထိခိုက် ဒဏ်ရာရ

ဩဂုတ် ၁၊ ၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နာရီစင် အနီးက မီးပွိုင့်နားမှာ ဒီနေ့ သြဂုတ် ၁ ရက်နေ့ မနက် ၁၁ ခွဲ ဝန်းကျင်က ဗုံးပေါက်ကွဲလို့ မော်တော်ပီကယ် ၁ ဦး၊ ပြည်သူ့စစ် ၁ ဦး နဲ့ အရပ်သား ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“၁၁ နာရီ ၁၀ မိနစ်မှာ ဖြစ်သွားတာ။ ယာဉ်ထိန်းလည်း ထိသွားတယ်။ တော်တော်ပြင်းတယ်၊ ဘယ်အဖွဲ့ နဲ့ ဖြစ်တာလဲတော့ မသိဘူး၊ အသေအပျောက်မရှိပါဘူး။ ခြေတွေ လက်တွေထိတာ။ ပြည်သူ့စစ်၊ မော်တော်ပီကယ် နဲ့ အရပ်သား ၁ ယောက်ထိတယ်” လူမှုကူညီရေးအသင်း နဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာအနီးရှိ ဖုန်းဆိုင်က မိန်းကလေး ၂ ယောက်ကလည်း ကြောက်လန့်ပြီး သတိမေ့သွားတာကြောင့် ဆေးရုံပို့ထားရတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကလည်း မူဆယ် အထက ၂ ကျောင်းအနီးက ဖူဆယ်ဘော်လုံးကွင်းနား ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

မူဆယ်မှာတော့ လက်နက်ကိုင်ပေါင်းစုံ ရှိသလို မကြာခဏ ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေ ဖြစ်တဲ့အပြင် ဓားပြတိုက် လုယက်မှုတွေလည်း အခု ၂၀၂၂နှစ်ထဲမှာ ပိုများလာတာကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

Photo- ဒေသခံတဦး
#voiceofmyanmar #VOM #မူဆယ် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW