မုံရွာ အလုံတပ်မြို့က နန်းဦးစားသောက်ဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရ

သြဂုတ်၂၇-၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ အလုံ ဘိုတော်ကြီး နန်းနားက နန်းဦး စာသောက်ဆိုင်ဟာ မနေ့ သြဂုတ် ၂၆ ရက်ည ၈ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ အလုံစျေးသည်တွေဆီက သိရပါတယ်။

” ညက ၇ ခွဲ ၈ ဝန်းကျင်မှာ မက်တူးကား ၁ စီးနဲ့ လူ ၅ ယောက် ဆိုင်ထဲကိုလာတယ် ၊ ပြောက်ကျားဝတ်စုံနဲ့ လူ ၁ ယောက်နဲ့ အရပ်ဝတ် လူ ၄ ယောက် သေနတ်တွေကိုင်ပြီး ဆိုင်ထဲဝင်လာတယ် ၊ ဆိုင်ထဲမှာ ပုံမှန်လာပြီး စားသောက်နေကျ လူ ၊ ဧည့်​သည် ၄ ယောက် ၅ ယောက်ရှိတယ် ၊ လက်နက်ကိုင် ဝင်လာတဲ့သူတွေက ဧည့်သည်တွေရဲ့ ဖုန်းတွေကို အရင်တောင်းတယ် ၊ ပြီးတော့ ပိုက်ဆံကောင်တာထဲက ပိုက်ဆံတွေယူပြီး ကားနဲ့ ပြန်မောင်းထွက်သွားတာ ” လို့ စားသောက်နေချိန်ရှိနေခဲ့တဲ့ ဧည့်သည်တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က” အလုံတပ်မြို့က နန်းဦး စားသောက်ဆိုင် ဓားပြတိုက်ခံရတာပါ ၊ အမည်မသိလက်နက်ကိုင်အဖွဲ့က ယူနီဖောင်းဝတ်တွေလည်းပါတယ် ၊ ကောင်တာထဲက ပိုက်ဆံ သိန်း ၈၀ ကျော်နဲ့ ဖုန်းငွေဖြည့်ကဒ်မျိုးစုံ သိန်း ၇၀ ကျော်ဖိုးပါသွားတယ် ၊ အဲ့ဒီအပြင် စားသောက်နေတဲ့ ဧည့်သည်တွေရဲ့ဖုန်းတွေနဲ့ ဆိုင်ရှင်တွေရဲ့ဖုန်း ၇ လုံးလည်းပါသွားတယ် ၊ အားလုံး သိန်း ၂ ရာဝန်းကျင်လောက်ဖြစ်မယ် ၊ အမှုဖွင့်ဆောင်ရွက်ထားပါတယ် “လို့ ပြောပါတယ်။

မနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းကလည်း မုံရွာမြို့ ၊ ထန်းတောရပ်ကွက် ၊ အင်းဖြတ်လမ်း ခေါ် ရွှေဝါရောင်လမ်း ၊ အထက ၆ နားက ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူက ဝင်ရောက်အနုကြမ်းစီးတဲ့အခါ ဆိုင်ရှင်ဖြစ်သူ ဦးမိုး သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင့် မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ဇရပ်ဝိုင်းဘုရားလမ်း ၊ ဇရပ်ဝိုင်းဘုရားအနီးက ကုန်စဲာဆိုင် ၁ ဆိုင်ဟာ အခုလ သြဂုတ် ၂၄ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပြီး အဲ့ဒီ ဓားပြမှုကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

အခုလ ၃ ရက် ညနေပိုင်းကလည်း မုံရွာမြို့၊ ရတနာပုံရပ်ကွက် ၊ အမှတ် ၄ လမ်းမှာရှိတဲ့ Mytel ကုမ္မဏီရုံးခွဲ ဓားပြတိုက်ခံရပြီး ကုမ္မဏီလုပ်ငန်းသုံး ကွန်ပျူတာ ၄ လုံး ၊ ဖုန်း ၆ လုံး ၊ Wifi စက် အလုံးရေ ၁ ရာကျော် နဲ့ ပိုက်ဆံ (စီစစ်ဆဲ) ပါသွားပြီး ရုံးသုံးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးထားခဲ့တာ ဖြစ်ခဲ့ပါတယ်။

မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ သစ္စာလမ်း ၊ လမ်းသွယ် ၂ မှာရှိတဲ့ ဖုန်းနဲ့ ဆိုင်ကယ်အရောင်းဆိုင်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မနက်ပိုင်းက ကား ၁ စီးနဲ့ လူ ၁၀ ယောက်ဝန်းကျင်ရောက်လာပြီး ဖုန်း အလုံး ၁ ရာကျော်နဲ့ ဆိုင်ကယ် ၈ စီး ဓားပြတိုက်သွားတာ ဖြစ်ခဲ့ပါတယ်။

မုံရွာမြို့နယ် ၊ ကူတော့ပလ္လင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက အိမ်ရှင်လင်မယား ၂ ယောက်ဖြစ်တဲ့ ဦးခင်မောင်လွင် ၅ဝ နှစ်နဲ့ သူ့မိန်းမ ဒေါ်ဥမ္မာလွင် ၄၅ နှစ် တို့ကို ဓားပြတွေက ပစ်သတ်ပြီး နေအိမ်ထဲက ပိုက်ဆံ သိန်း ၄၀ ကျော်ကို လုယက်သွားတဲ့ လူသတ်၊ဓားပြမှုဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW