မောက္ကတော်နယ်က ပစ်ခတ်မှုဖြစ်ပြီး ရဲစခန်းမှုးနဲ့ ပြည်သူ့စစ်ခေါင်ဆောင် အပါအဝင် ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၃၀ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ မောက္ကတော်ကျေးရွာ ၊ မောက္ကတော် နယ်မြေရဲစခန်းမှူး အဖွဲ့ဟာ မနေ့ သြဂုတ် ၂၉ ရက် ၊ မနက်ပိုင်းက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ရဲစခန်းကိုပြန်လာတဲ့လမ်းမှာ တိုက်ခိုက်ခံရတဲ့အတွက် ရဲစခန်းမှူအပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ မင်းကင်းနယ် ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ စခန်းမှူးနဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ တောင်ဖြူရွာနဲ့ ပန်ဆက်ရွာဘက်ကနေ မောက္ကတော်ရွာဘက်ကမ်းကို ပြန်အလာ လမ်းမှာ တိုက်ခိုက်ခံရတာပါ ၊ အဲ့ဒီတိုက်ပွဲမှာ မောက္ကတော်နယ်မြေရဲစခန်းမှူး ရဲအုပ်သူရအောင် အပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာတယ် ၊ ဒဏ်ရာရတဲ့အထဲမှာ ပြည်သူ့စစ်တွေလည်း ပါတယ် “လို့ မောက္ကတော်ရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မောက္ကတော် နယ်မြေရဲစခန်းမှူး ရဲအုပ် သူရအောင်နဲ့ ပြည်သူ့စစ်ခေါင်းဆောင် ကိုနိုင်လင်း အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကျတယ် ၊ ဒဏ်ရာရ တပ်ဖွဲ့ဝင် သုံးလေးယောက်ရှိတယ် ” လို့ ပြောပါတယ်။

ဒဏ်ရာရ ပြည်သူ့စစ်တွေနဲ့ သေဆုံးသူတွေကို မောက္ကတော်ကနေတဆင့် မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံဆီကို လုံခြုံရေးအများအပြားနဲ့ ပို့ဆောင်တာကို မြင်ခဲ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်ကြားမှာရှိတဲ့ ညောင်ဖြူပင်ကျေးရွာ ၊ ညောင်ဖြူပင် ရဲကင်းစခန်းမှူး ရဲအုပ် အောင်မျိုးဆိုသူဟာ မုံရွာ အမြင့် တောကျောင်း ကားလမ်းမှာ ပိတ်ဆို့စစ်ဆေးရေး ပြုလုပ်နေတဲ့အချိန် ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

အခုလ ၂၄ ရက် မနက်ပိုင်းက ၊ ကလေးယာဥ်ထိန်းတပ်ဖွဲ့စုမှူးရုံးရှေ့ လမ်းပေါ်မှာ စျေးဝယ်ပြန်လာတဲ့ ယာဥ်ထိန်းရဲတပ်သား ၁ ဦး ပစ်သတ်ခံရတာဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ဇူလိုင် ၂၂ ရက် မနက်အစောပိုင်းကလည်း ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ စည်ပင်စျေးနားက လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်ထိုင်သောက်နေတဲ့ ရဲ ၄ ယောက် ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #မင်းကင်း #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW