ရွှေစျေး ၃၂ သိန်းနီးပါးနဲ့ ဒေါ်လာစျေး ၃၇၀၀ နီးပါးထိ အဆမတန်မြင့်တက်နေ

ဩဂုတ် ၃၀-၂၀၂၂
VOM (GG)

ရွှေစျေး အခေါက်ရွှေ တကျပ်သားကို ၃၂ သိန်းနီးပါးအထိ အဆမတန်မြင့်တက်သွားပြီး အမေရိကန်ဒေါ်လာကလည်း တဒေါ်လာကို ၃၇၀၀ အထိ မြင့်တက်နေတယ် လို့သိရပါတယ်။

ဒီနေ့ဩဂုတ်လ ၃၀ ရက်နေ့မှာ ၁၆ ပဲရည် အခေါက်ရွှေစျေးက ပြင်ပစျေးကွက်မှာ ၃၁၅၀၀၀၀ ကျပ်အထိ ရှိပြီး အမေရိကန်ဒေါ်လာက တဒေါ်လာကို ၃၇၀၀ ကျပ် အထိ စျေးရှိနေတာဖြစ်ပါတယ်။

အခုလို ရွှေစျေး အဆမတန်မြင့်တက်နေတဲ့အပေါ် YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတဦးက ” ကမ္ဘာ့ရွှေစျေးကျနေပေမယ့် ပြည်တွင်းမှာ ဒေါ်လာစျေးက တောက်လျှောက်တက်နေတယ်။ဒေါ်လာစျေးကျရင် ရွှေစျေးပြုတ်ကျမှာပဲ။အခု လက်ဝတ်တန်ဆာကတော့ ဒီစျေးနဲ့ဘယ်သူမှအရောင်းအဝယ်မလုပ်ကြတော့ဘူး။ အခုရွှေစျေးတက်တာမှာ တချို့အမှန်တကယ်ရောင်းဝယ်နေသူလည်းရှိတယ်၊ တချို့ကျ ရွှေလည်းမရှိဘူး ကားလည်းမရှိဘဲ သက်သက်ရွှေစျေးကို လိုက်ဖွနေတာရှိတယ်။စျေးတမင်လိုက်ဖွတာပေါ့ “လို့ ပြောပါတယ်။

လက်ရှိမှာ အခေါက်ရွှေ အတုံးကိုသာ ဝယ်ယူသူရှိတာကြောင့် ဆိုင်အချို့မှာ ရွှေအတုံးရောင်းချမှု ရပ်နားထားတာတွေလည်းရှိနေပါတယ်။

” ရွှေက အပ်ထည်ဆိုရင် ရတယ်။အခေါက်တုံးဆိုရင်တော့ ရ မရက ပြောလို့မရသေးဘူး။ဒီနေ့စျေးကတော့ ၃၁ သိန်းကျော်ပေါက်ပါတယ် “လို့ ရန်ကုန်မြို့ရွှေအရောင်းဆိုင်တခုကနေ သိရပါတယ်။

YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ဒီနေ့သြဂုတ်လ ၃၀ ရက်နေ့ အကယ်ဒမီ မီးလင်းရွှေ အပိတ်ဈေးကတော့ တကျပ်သားကို 2032000(ကျပ်သိန်းနှစ်ဆယ် သုံးသောင်း နှစ်ထာင်)သာရှိပြီး ကမ္ဘာ့ရွှေဈေးက(World Gold Price)1 Ounce- 1732 USD ဖြစ်ပါတယ်။

YGEA က ထုတ်ပြန်နေတဲ့ ရွှေစျေးရည်ညွန်းစျေးက ဗဟိုဘဏ်သတ်မှတ်တဲ့ ဒေါ်လာစျေးနဲ့တွက်ချက်တာဖြစ်ပြီး ကြမ်းခင်းစျေးဖြစ်လို့ လျော့ရောင်းမရဘဲ ပိုရောင်းပါက ပိုရောင်းချခွင့်ရှိတယ်လို့ သိရပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ်စျေးက အမေရိကန် တဒေါ်လာ ၂၁၀၀ ကျပ်သာဖြစ်ပြီး ဒေါ်လာနဲ့ပတ်သက်ပြီ ရောင်းခြင်း၊ဝယ်ခြင်း၊လဲလှယ်ခြင်းတွေ လုပ်မယ်ဆိုပါက ၀.၃ ဘောင်အတွင်းကနေသာ အတိုးအလျှော့ပြုလုပ်ဖို့ သတ်မှတ်ထားကာ မလိုက်နာရင်အရေးယူမယ်လို့ ဗဟိုဘဏ်က အသိထားပါတယ်။

” ဒီနေ့ စဖွင့်ထဲစျေးကိုက ၃၅၀၀ အထက်ကဖြစ်တယ် ၊ အခုတော့ အဝယ်တွေပဲ များနေတယ်။ ဝယ်မယ့်သူကလည်း သူပေးနိုင်တဲ့စျေးကိုခေါ်တယ်၊ ရောင်းတဲ့သူကလည်း သူကြိုက်မှရောင်းတယ်၊စျေးကွက်က အတော်ကိုပျက်နေပြီ”လို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

လက်ရှိ ပြင်ပဒေါ်လာစျေးကွက်က စျေးကွက်ပျက်တဲ့အနေအထားဖြစ်နေပြီး ကြိုက်ရောင်းကြိုက်ဝယ် စနစ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒေါ်လာ ဝယ်ယူသူတွေကတော့ မဖြစ်မနေအသုံးပြု ဖို့လိုအပ်တဲ့ ကျောင်းလခသွင်းဖို့သူတွေ၊ စီးပွားရေးလုပ်သူ၊နိုင်ငံခြားထွက်မယ့်သူတွေသာ အဓိကဝယ်ယူမှုရှိနေတာ​ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေစျေး၃၂၀၀နီးပါး #ဒေါ်လာစျေး၃၇၀၀နီးပါး #အဆမတန်မြင့်တက်နေ

Related posts

Leave a Comment

VOM News

FREE
VIEW