လွန်ခဲ့တဲ့ နှစ်သန်း ၁၅၀ က အကြီးဆုံးဒိုင်နိုဆောရဲ့ အရိုးစု ပေါ်တူဂီမှာ တွေ့ရှိ

လစ္စဘွန်း၊ သြဂုတ်-၂၇-၂၀၂၂
မျိုးဆက်(VOM)

ဥရောပမှာ ရှာဖွေတွေ့ရှိခဲ့သမျှထဲမှာ အကြီးဆုံးလို့သတ်မှတ်နိုင်တဲ့ ဒိုနိုဆောရဲ့ ရုပ်ကြွင်းအရိုးစုတွေကို ပေါ်တူဂီရှိ ဥယျာဉ်ပန်းခြံတခုမှာ တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။

ဆော်ရိုပေါ့ဒ် အမျိုးအစား ဒိုင်နိုဆောရဲ့ ရုပ်ကြွင်းအရိုးစုကို နိုင်ငံအလယ်ပိုင်း ပွမ်ဘောလ်မြို့ရှိ အမျိုးသားတဦးက သူ့ရဲ့နေအိမ်ပန်းခြံမှာ အလုပ်လုပ်ကိုင်နေစဉ် ၂၀၁၇ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆော်ရိုပေါ့ဒ်အမျိုးအစားဟာ ဒိုနိုဆောတွေအားလုံးထဲမှာ အကြီးဆုံးနဲ့ အသက်ရှင်နေထိုင်ဖူးသမျှ တိရိစ္ဆာန်တွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ သူတို့မှာ ရှည်လျားတဲ့ အမြီးနဲ့လည်ပင်းတွေရှိပြီး အပင်တွေကို စားသောက်တတ်ကာ ခြေလေးချောင်းစလုံးနဲ့ လမ်းလျှောက်လေ့ရှိပါတယ်။

လက်ရှိမှာ ပေါ်တူဂီနဲ့စပိန်တို့မှ သုတေသနပညာရှင်တွေဟာ အရပ်အမြင့် ၃၉ ပေနဲ့ အရှည် ၈၂ ပေရှိတဲ့ ဆော်ရိုပေါ့ဒ် ဒိုင်နိုဆောရဲ့ ကျောရိုးနဲ့နံရိုးအစိတ်အပိုင်းတွေကို တူးဖော်တွေ့ရှိထားပါတယ်။

အဲဒီအရိုးစုဟာ နှစ်သန်းပေါင်း ၁၅၀ သက်တမ်းရှိပြီလို့ ယူဆရပြီး အရိုးစုဟာ အနေအထားကောင်းမွန်စွာရှိနေတာကြောင့် အစိတ်အပိုင်းများစွာကို တွေ့ရှိနိုင်မယ်လို့ သုတေသနပညာရှင်တွေက မျှော်လင့်နေပါတယ်။

Ref: BBC
Photo: FACULTY OF SCIENCES OF THE UNIVERSITY OF LISBON
#voiceofmyanmar #VOM #လစ္စဘွန်း

Related posts

VOM News

FREE
VIEW