အောက်တိုဘာ ၁၂-၂၀၂၂
VOM ( GG)
ရန်ကုန် ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubota တိုရုကူဘိုတာ ကို ဒီနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထောင် ၃ နှစ်ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။
Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁) Visa စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
” အင်းစိန်ထောင်အထူး တရားရုံးက အမိန့်ချလိုက်တာ ၊ ၃ နှစ်ပါ။ ခုဆိုရင် သူက ၁၀ နှစ်အထိ ချခံထားရပြီပေါ့။ အရင်ရက်က ပုဒ်မ ၂ခုအတွက် အမိန့်ချခံထားရတယ် ” လို့ အင်းစိန်ထောင် နဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းဝိုင်းဆီကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်း တိုရူကူဘိုတာ Toru Kubota ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅- က နဲ့ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ – ၃၃ (က) ပုဒ်မနှစ်ခုအတွက် ထောင် ၇ နှစ်ချမှတ်ခဲ့ပါတယ်။
ဒါကြောင့် အခုဆိုရင် တိုရူကူဘိုတာဟာ ထောင် ၁၀ နှစ်အထိ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇူလိူင်လ ၃၀ ရက်နေ့ ညနေပိုင်းက တောင်ဒ ဂုံမြို့နယ်၊ City Max အနီးမှာ လူ ၁၀ဦးကျော် ပါဝင်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုကို ဖုန်း၊ ကင်မရာနဲ့ မှတ်တမ်းတင်နေချိန် တိုရူကူဘိုတာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
Toru Kubota ဟာ မြန်မာနိုင်ငံကို ထိုင်းကနေတဆင့် ဇူလိူင်လ ၁ရက်နေ့ မှာ Tourist Visa နဲ့ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Toru Kubota ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရဘက်ကရော ဂျပန်ပြည်သူတွေကပါ တောင်းဆိုမှုတွေရှိထားပါတယ်။
#voiceofmyanmar #VOM #ဂျပန်နိုင်ငံသားသတင်ူထောက် #ထောင်၃နှစ်ထပ်ချခံရ